The network connection is lost.

Banner Image

ရီးရဲလ်နဲ့ပွဲမှာ မျက်ရည်ကျခဲ့ရတဲ့အကြောင်းအရင်းကို ရှင်းပြလာတဲ့ ကီဗင်ဒီဘရိုင်း

ချန်ပီယံလိဂ်အောင်မြင်မှုလမ်းကြောင်းအဖြစ် ရီးရဲလ်အသင်းနဲ့ပွဲစဉ်မှာ မျက်ရည်ကျခဲ့ရတဲ့အကြောင်းအရင်းကို စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ရှင်းပြလိုက်ပါတယ်။ ဒီဘရိုင်းဟာ အဆိုပါပွဲစဉ်တွေကန်နေချိန်မှာ ကွင်းပြင်ပမှာ ခက်ခဲမှုတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားက သူ့အနေနဲ့ မက်ဒရစ်အသင်းနဲ့ ၂ ကျော့စလုံးမှာ ဇနီးသည်ရဲ့အဘိုးဖြစ်သူ နဲ့ သူ့အဖွားဖြစ်သူ ကွယ်လွန်ခဲ့တယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။

ဘာနေဗျူးမှာကန်ခဲ့တဲ့ပွဲမှာ ၁-၁ သရေကန်နိုင်ခဲ့ပြီး ဒီဘရိုင်းက ပြင်းထန်တဲ့ကန်ချက်နဲ့ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက် ၂ ကျော့ပေါင်းရလဒ် ၄-၀ နဲ့ ဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ကာ ဖိုင်နယ်မှာ အင်တာကို ၁-၀ နဲ့အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဒုတိယအကျော့ပွဲစဉ်အဖြစ် မက်ဒရစ်နဲ့ပွဲမှာ  ဒီဘရိုင်းတစ်ယောက် ဘောလုံးဖြန့်ပေးဖို့ ညွှန်ကြားခဲ့ပြီးနောက် နည်းပြ ဂွါဒီယိုလာကို အော်ငေါက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဗီဒီယိုဖိုင်ဟာ ဒီဘရိုင်း နဲ့ ဂွါဒီယိုလာတို့ကြား အချင်းများမှုဖြစ်ပွားခဲ့တယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။ အဲ့နောက် ဂွါဒီယိုလာက “၂-၀ ဖြစ်နေချိန်မှာ ကျွန်တော်တို့အများကြီး အလျင်လိုခဲ့ပါတယ်။ ဂန်ဒိုဂန်ဘောလုံးဆုံးရှုံးခဲ့ပြီးနောက် ကီဗင်က မလိုအပ်ပဲ ၃ ကြိမ်လောက် အပြောင်းအလဲလုပ်နေပါတယ်။ ကျွန်တော်တို့ အများကြီးအလျင်လိုနေတာဖြစ်ပြီး ပြိုင်ဘက်ကို နစ်အောင်လုပ်ဆောင်နေတာပါ။ ဒါပေမယ့် အဲ့တာက သာမန်ပါပဲ။ နီးကပ်လေ ကျွန်တော်တို့အတွက် အခွင့်အရေးပိုကောင်းလေပါပဲ။ ကျွန်တော်တို့ တကယ်ကောင်းတဲ့ပွဲတစ်ပွဲကစားနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ ဒီဘရိုင်းပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး အွန်နရီက “အဲ့တာက ခက်ခဲတဲ့အခိုက်အတန့်ပါ။ ကျွန်တော် အဲ့အကြောင်းမပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်အဲ့တာကို လျှို့ဝှက်ထားရပါမယ်။ ဒါပေမယ့် သူကျွန်တော့်ကိုပြောခဲ့တာအရဆိုရင် ကျွန်တော် ဒီနေ့မှာ သူကစားပြခဲ့တဲ့စွမ်းဆောင်ရည်အပြင် အသင်းနဲ့အတူ တိုက်ပွဲဝင်ခဲ့တာနဲ့ပတ်သက်ပြီး အများကြီးလေးစားမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒီဘရိုင်းကလည်း သူ့အနေနဲ့ ပွဲအတွင်းမှာ ခံစားချက်တွေများနေခဲ့သလို ခက်ခဲတဲ့အခြေအနေတွေရှိခဲ့တယ်လို့ အခုချိန်မှာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ နှုတ်ဆက်ပွဲမှာ ဒီဘရိုင်းက “အဲ့တာက ကျွန်တော့်ဘဝရ့အကောင်းဆုံး နဲ့ အဆိုးဝါးဆုံးတွေထဲကရက်သတ္တပတ်တွေပါ။ ကျွန်တော်တို့  အင်္ဂါနေ့မှာကစားခဲ့ရတာကို မှတ်မိပါတယ်။ အဲ့အချိန်တုန်းက ကျွန်တော့်ဇနီးသည်အဘိုးဖြစ်သူက ကင်ဆာနဲ့လုံးပန်းနေခဲ့ရတာပါ။ ယေဘုယျအားဖြင့် သူ့အခြေအနေက တကယ်မကောင်းတော့သလို လူတော်တော်များများက နှုတ်ဆက်နေကြပါပြီ။

ကျွန်တော်က သူ့ကိုမနှုတ်ဆက်သေးတဲ့တစ်ဦးတည်းသောသူပါ။ တနင်္ဂနွေနေ့မှာ ကျွန်တော် ဘယ်လ်ဂျီယံကို ပြန်ပြီးနှုတ်ဆက်ခဲ့ပါတယ်။ သူက တကယ်နာကျင်နေတာပါ။ အဲ့နောက် တနင်္လာနေ့မှာ ကျွန်တော် အဲ့ကနေပြန်လာပြီး လေ့ကျင့်ခန်းဆင်းခဲ့ရကာ မက်ဒရစ်ကို လာခဲ့ရပါတယ်။ တနင်္လာနေ့ညနေခင်းမှာပဲ သူကွယ်လွန်ခဲ့ပါတယ်။ အဲ့တာက တကယ့်ခံစားရတဲ့အချိန်ပါ။ နောက်ထပ်မက်ဒရစ်ပွဲမတိုင်ခင် ကျွန်တော် အသုဘအခမ်းအနားတက်ခဲ့ပါတယ်။

အဲ့အချိန်မှာပဲ ကျွန်တော့်အဖွားဖြစ်သူ ကွယ်လွန်ခဲ့ပြီး သူမကိုနှုတ်ဆက်ဖို့ ကျွန်တော် ၅ နာရီလောက်ကားမောင်းသွားခဲ့ရပါတယ်။ လုံးဝကို ရူးချင်စရာပါ။ ကျွန်တော် ခံစားချက်ကင်းကင်းနဲ့ကစားခဲ့သလို မအိပ်လည်း မအိပ်ခဲ့ရပါဘူး။  အဲ့နောက် ဂွါဒီယိုလာနဲ့အချင်းများတဲ့ဗီဒီယိုဖိုင်တက်လာခဲ့ပါတယ်။ ကျွန်တော့်အလုပ်ကို သေချာလေးလုပ်ဆောင်ခဲ့တာပါ”လို့ ဒီဘရိုင်းက ပြန်လည်ပြောပြခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားဟာ လာမယ့်ဖူလ်ဟမ်နဲ့ပွဲမှာ စီးတီးအတွက် နောက်ဆုံးပွဲကန်မှာဖြစ်ပြီး လာမယ့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပါဝင်မှာမဟုတ်ပါဘူး။ စီးတီးနဲ့ စာချုပ်သက်တမ်းက ဇွန်လ ၃၀ ရက်နေ့မှာကုန်ဆုံးမှာဖြစ်ပြီး အင်္ဂလန်မှာထက် ပြည်ပထွက်ဖို့ ပိုများနေပါတယ်။