The network connection is lost.

Banner Image

အမ်ပိုလီနဲ့ပွဲမှာ အသင်းရဲ့နိုင်ပွဲဆာလောင်မှုကို ပြသနိုင်ခဲ့တယ်လို့ ဆိုလာတဲ့ ကွန်တီ

နာပိုလီနည်းပြကွန်တီက အင်္ဂါနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အမ်ပိုလီကို ၃-၀ နဲ့အနိုင်ရခဲ့ပြီးနောက် အသင်းရဲ့ကစားသမားတွေဟာ နိုင်ပွဲနဲ့ ဆုဖလားဆာလောင်မှုကို ပြသနိုင်ခဲ့ကြောင်း ပြောကြားလာခဲ့ပြီး ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ 

ယခုနိုင်ပွဲကြောင့် ရာသီကုန်ဖို့ ၆ ပွဲလိုအပ်ချိန်မှာ နာပိုလီဟာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်ထားနိုင်ပြီး ထိပ်ဆုံးက အင်တာမီလန်နဲ့ ၃ မှတ်သာကွဟနေတာဖြစ်ပါတယ်။ ဒါကြောင့် ကွန်တီရဲ့အသင်းဟာ ရာသီကုန်မှာ စီးရီးအေဆုဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးကို မျှော်လင့်ခွင့်ရှိနေပါတယ်။ ယခုအမ်ပိုလီနဲ့ပွဲစဉ်မှာ အသင်းအတွက်ဂိုးတွေကို မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ စကော့မက်တိုမီနေးနဲ့ လူကာကူတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

 ပွဲအပြီးမှာ ကွန်တီက “ဒီနေ့ပထမပိုင်းအပြီးမှာ ကစားသမားတွေကို ကျွန်တော်ပြောခဲ့တာရှိပါတယ်။ အဲဒါကတော့ ဒုတိယပိုင်းမှာ သေချာပေါက်အနိုင်ယူဖို့ပါပဲ။ သူတို့ရဲ့တုံ့ပြန်မှုက မယုံနိုင်စရာကောင်းခဲ့ပြီး အရမ်းမြင့်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ကြပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အသင်းအတွက် ဂိုးတွေသွင်းယူပေးနိုင်ခဲ့တဲ့ တိုမီနေးနဲ့ လူကာကူတို့ကိုလည်း ကွန်တီက ချီးကျူးပြောဆိုခဲ့ပါတယ်။ ကွန်တီက “လူကာကူနဲ့ တိုမီနေးတို့က အသင်းအတွက် ကြီးမားတဲ့သက်ရောက်မှုရှိတဲ့ကစားသမားတွေပါ။ ဒါပေမယ့် ဒီပွဲက တစ်သင်းလုံးရဲ့ကြိုးစားအားထုတ်မှုကြောင့်ပါ။ ဒါက အုပ်စုလိုက်ကြိုးစားခြင်းရဲ့ အောင်ပွဲပါပဲ” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။