The network connection is lost.

Banner Image

နာပိုလီအတွက် ပယ်နယ်တီဂိုးသွင်းယူပြီးနောက် ဒဏ်ရာရရှိသွားတဲ့ ကီဗင်ဒီဘရိုင်း

အင်တာမီလန်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူကာ စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းလာပေမဲ့ ဒီဘရိုင်းရဲ့သွင်းဂိုးက လက်ရှိချန်ပီယံနာပိုလီအတွက် တန်ဖိုးကြီးမားတဲ့ပေးဆပ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဒီဘရိုင်းက ပယ်နယ်တီဂိုးသွင်းယူပေးပြီးနောက် ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ညာပေါင်ကြွက်သားမှာ ဒဏ်ရာပြဿနာတစ်ခု ရှိလာခဲ့ပါတယ်။ ဒီနောက်မှာတော့ စိတ်ထိခိုက်နေပုံရတဲ့ မန်စီးတီးကစားသမားဟောင်းက ဆေးအဖွဲ့ဝန်ထမ်းနှစ်ဦးရဲ့အကူအညီနဲ့အတူ ကွင်းတွင်းမှ ထွက်ခွာသွားခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ တိုမီနေးနဲ့ အမ်ဂူဆာတို့က နာပိုလီအတွက် သွင်းဂိုးတွေရယူပေးခဲ့ပြီး အင်တာမီလန်အတွက် ချေပဂိုးကိုတော့ ပယ်နယ်တီမှတဆင့် ကယ်လ်ဟာနိုဂလူက သွင်းယူခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ တိုရီနိုကို ရှုံးနိမ့်ခဲ့သလို ကြားရက်ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ပီအက်စ်ဗွီကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ နာပိုလီအတွက် အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် စိတ်သက်သာရာရစေခဲ့ပါတယ်။ သူတို့တွေက အမှတ်ပေးဇယားဒုတိယနေရာရှိ အေစီမီလန်ထက် တစ်မှတ်အသာစီး ရရှိထားပါတယ်။

နာပိုလီနည်းပြကွန်တီက “ ကျွန်တော်က အကောင်းဆုံးပဲဖြစ်ဖြစ်၊ အဆိုးဆုံးပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ကစားသမားတွေနဲ့အတူ ဘောလုံးပွဲစဉ်တွေကို ဖြတ်သန်းပါတယ်။ အခက်အခဲတွေကြားမှာပဲ ကျွန်တော်တို့ အနိုင်ရရှိခဲ့ပါတယ်။ ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားတွေကို ဆုံးရှုံးထားရသလို အခုလည်း ဒီဘရိုင်း ဒဏ်ရာရရှိသွားပါပြီ။ ကံအရမ်းမကောင်းတဲ့နှစ်လို့တောင် ပြောနိုင်ပါတယ်။ တစ်စုံတစ်ဦးက ကျွန်တော်တို့ကို ကျိန်စာတိုက်နေတဲ့ပုံစံမျိုးတောင် ဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။

အခုရှုံးနိမ့်မှုမတိုင်ခင် ခုနစ်ပွဲဆက်နိုင်ပွဲရရှိခဲ့တဲ့ အင်တာမီလန်ကတော့ အမှတ်ပေးဇယားစတုတ္ထနေရာမှာပဲ ဆက်ရှိနေပါတယ်။ ကွန်တီက “ ကျွန်တော်တို့ရဲ့သေကွင်းသေကွက်ကို ထိုးနှက်နိုင်ဖို့ အင်တာမီလန်အသင်း ရောက်ရှိလာတာပါ။ ကျွန်တော်တို့ ရုန်းကန်နေရချိန် သူတို့အတွက် အရမ်းကောင်းတဲ့အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အရှုံးပေးသွားဖို့ရည်ရွယ်ချက်မျိုး မရှိနေခဲ့ပါဘူး။ အခက်အခဲတွေကြားမှာပဲ တက်ကြွတဲ့ပုံစံနဲ့အတူ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။