
အီတလီထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ထားခြင်းကိုခံနေရတဲ့ နေမာ
ဆန်းတို့စ်အသင်းရဲ့တိုက်စစ်ကြယ်ပွင့် နေမာဂျူနီယာဟာ အီတလီထိပ်သီးကလပ်တွေဖြစ်တဲ့ နာပိုလီနဲ့ အင်တာမီလန်တို့ရဲ့ပစ်မှတ်ထားခြင်းကိုခံနေရတာကြောင့် လာမယ့်ဇန်နဝါရီမှာ စီးရီးအေသို့ ရောက်ရှိလာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ဘရာဇီးစူပါစတားကို ယခုနှစ်အစောပိုင်းကလည်း နာပိုလီနဲ့ အင်တာမီလန်တို့က ကမ်းလှမ်းမှုတွေပြုလုပ်ထားခဲ့တာဖြစ်ပြီး မေလမှာတော့ ကစားသမားရဲ့ ကြံ့ခိုင်မှုအခြေအနေတွေကြောင့် အပြောင်းအရွှေ့တွေပျက်ပြယ်ခဲ့တယ်လို့သိရပါတယ်။
ပီအက်စ်ဂျီမှထွက်ခွာလာခဲ့ပြီးကတည်းက ဒဏ်ရာပြဿနာတွေနဲ့တောက်လျှောက်ကြုံတွေ့ခဲ့ရပြီး ကြံ့ခိုင်မှုရရှိဖို့ရုန်းကန်နေခဲ့ရတဲ့နေမာဟာ ယခုအခါမှာတော့ ကြံ့ခိုင်မှုအခြေအနေပြန်ကောင်းနေတာကြောင့် ဥရောပဘောလုံးလောကထဲသို့ပြန်လည်ဝင်ရောက်ဖို့ အခွင့်အရေးရလာခဲ့ပြီဖြစ်ပါတယ်။ ဝါရင့်နည်းပြ အန်တိုနီယိုကွန်တီရဲ့ဦးဆောင်မှုနဲ့အတူ နာပိုလီဟာ ငယ်ရွယ်တဲ့ကြယ်ပွင့်ကစားသမားတွေကို စုဆောင်းနေတယ်ဆိုပေမယ့် နေမာကိုတော့ ခေါ်ယူနိုင်ဖို့အတွက်စိတ်ဝင်စားနိုင်တယ်လို့ သတင်းတွေကဆိုပါတယ်။
တစ်ဖက်မှာ အင်တာမီလန်ကလည်း အသင်းရဲ့ဘဏ္ဍာရေးပြဿနာတွေရှိနေပေမယ့် အသက်-၃၃ နှစ်အရွယ်ကစားသမားကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ယခု ၂၀၂၅ ခုနှစ်အကုန်မှာ နေမာဟာ ဆန်းတို့စ်နဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာမှာဖြစ်ပြီး ဥရောပထိပ်သီးကလပ်တွေရဲ့အာရုံစိုက်မှုကို ရရှိထားတာဖြစ်ပါတယ်။ နေမာရဲ့အေးဂျင့်ဖြစ်သူ ပီနီဇာဟာဗီဟာ နာပိုလီ၊ အင်တာမီလန်တို့နဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိနေတာကြောင့် ကစားသမားဟာ စီးရီးအေသို့သာ ပြောင်းရွှေ့လာနိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်ထားပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကလည်း နီးကပ်လာပြီဖြစ်လို့ နေမာအနေနဲ့ ဘရာဇီးလက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံရဖို့စိတ်အားထက်သန်နေပြီး စီးရီးအေလိုထိပ်သီးလိဂ်မှာကစားကာ နည်းပြကြီး ကာလိုအန်ဆယ်လော့တီရဲ့မျက်နှာသာပေးမှုကိုရယူလိုနေတာဖြစ်ပါတယ်။ အန်ဆယ်လော့တီကလည်း လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နေမာကိုပြန်လည်ရွေးချယ်နိုင်ချေရှိကြောင်း ပွင့်ပွင့်လင်းလင်းပြောကြားထားပေမယ့် ကြံ့ခိုင်မှုအခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်သွားမယ်လို့လည်း သတိပေးထားပါတယ်။
ဒါကြောင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာတော့ နေမာတစ်ယောက် အီတလီစီးရီးအေသို့ရောက်ရှိလာဖို့ အလားအလာများနေပြီး အန်ဆယ်လော့တီအနေနဲ့လည်း ဘရာဇီးဂန္ထဝင်ကို ကမ္ဘာ့ဖလားမှာ အသုံးပြုဖို့ဆုံးဖြတ်သွားမလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။