အတ္တလန္တာနဲ့ပွဲစဉ်အပြီး ချန်ပီယံလိဂ်အမှတ်ပေးဇယားရပ်တည်မှုအတွက် ကျေနပ်အားရနေတဲ့ ဟန်စီဖလစ်ခ်
အခုမနက်ပိုင်း၊ အတ္တလန္တာနဲ့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး ဘာစီလိုနာအသင်းက အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်ကာ ရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။ ပွဲစဉ်အပြီး ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က “ ဒုတိယနေရာရရှိလို့ အရမ်းပျော်ရွှင်မိပါတယ်။ ဒါက အသင်းအတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။ အခုပွဲစဉ်ကလည်း ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့တွေ ခံစစ်ပိုင်းမှာ နည်းနည်းလေးပိုကောင်းအောင် ကာကွယ်နိုင်ခဲ့သင့်ပါတယ်။
ဟုတ်ပါတယ်၊ ဒီအပိုင်းတွေမှာ တိုးတက်ဖို့ လိုအပ်နေပါတယ်။ အခုလိုရပ်တည်မှုနဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်လို့ ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် လုပ်စရာအလုပ်တွေ အများကြီးရှိသလို လုပ်လည်း လုပ်နေပါပြီ။ အမှန်ပါပဲ၊ အခုပွဲစဉ်က အကြိတ်အနယ်ရှိတဲ့ပွဲကြီးပွဲကောင်းပါ။ အတ္တလန္တာအသင်းရဲ့ခံစစ်ကစားပုံကလည်း အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ အခုပွဲစဉ်မှ သင်ခန်းစာတွေ ရယူခဲ့ပြီးပါပြီ။
ဒါ ကောင်းပါတယ်။ ကျွန်တော်တို့တွေ ဒုတိယပိုင်းပွဲချိန်တွေမှာ ကိစ္စအတော်များများကို ပြောင်းလဲချင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်း ဒုတိယနေရာနဲ့အဆုံးသတ်နိုင်ပြီး ဒါက အရမ်းကောင်းပါတယ်။ ဒါက ကလပ်အသင်းအတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး သူက “ နောက်ပွဲစဉ်အတွက် စဉ်းစားဖို့ဆိုတာ အမြဲတမ်းကောင်းပါတယ်။ လာမယ့်သောကြာနေ့မဲခွဲမှုမှာ ဘယ်လိုတွေဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။ နောက်တစ်ဆင့်မှာ မပါဝင်လာနိုင်တဲ့ ကလပ်အသင်းကြီးတွေလည်း ရှိလာမယ်ဆိုတာကို သတိပြုထားရပါမယ်။
အမြဲတမ်းတော့အတူတူပါပဲ။ ပြိုင်ဘက်ကောင်းနဲ့ရင်ဆိုင်ရတယ်လို့ ယူဆမယ်ဆိုရင် ဒါက အပြင်းထန်ဆုံးတိုက်ပွဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့ အရာတွေအပြင် ပိုကောင်းအောင်လုပ်နိုင်ရမယ့် အရာတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါက ပြိုင်ပွဲပုံစံအသစ်တစ်ခုဖြစ်ပြီး အရေးအကြီးဆုံးအရာက ဘာတွေဖြစ်လာမလဲဆိုတာ ကြိုတင်မသိရှိရခြင်းပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ အခုအချိန်မှာ ကျွန်တော်ပြောနိုင်တဲ့အရာက ဒီပြိုင်ပွဲပုံစံသစ်နဲ့ပတ်သက်လို့ ကျေနပ်မိတယ်ဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေ TOP 8 မှာ ပါဝင်ပြီး လေ့ကျင့်ပြင်ဆင်ချိန် ၁၅ ရက်ထက်မနည်းရရှိလာလို့ ဖြစ်ပါတယ်”လို့ ပြောပါတယ်။