နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ချဲလ်ဆီးကစားသမားတွေကို ကာကွယ်ပြောဆိုပေးလိုက်တဲ့ ယာယီနည်းပြမက်ဖာလိန်း
နော်တင်ဟမ်ဖောရက်စ်ကို ၃-၁ ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့တနင်္လာနေ့ပွဲစဉ်မှာ အသင်းအတွက် သူ့ရဲ့ကစားသမားတွေ အပြည့်အဝပေးဆပ်ကစားခဲ့ကြတယ်လို့ ချဲလ်ဆီးယာယီနည်းပြမက်ဖာလိန်းက အခိုင်အမာပြောကြားခဲ့ပါတယ်။
အခုပွဲစဉ်ရှုံးနိမ့်မှုကြောင့် အဆင့် ၉ နေရာရောက်ရှိနေတဲ့ ချဲလ်ဆီးအသင်းအတွက် လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိဖို့ အတော်လေးခက်ခဲသွားခဲ့ပါတယ်။
မေ ၁၆ ရက်၊ မန်စီးတီးနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲ ကစားရမယ့် ချဲလ်ဆီးအသင်းက ၁၉၉၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်ပွဲစဉ် ၆ ပွဲဆက်တိုက် ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ထားရပါတယ်။
"တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ရလဒ်နဲ့ ခြေစွမ်းပါ။ ပထမပိုင်း ၁၅ မိနစ်တာကာလမှာ အခြေအနေမကောင်းခဲ့ဘူး၊ အဲဒါကပဲ ပွဲတစ်ခုလုံးရဲ့အခြေအနေကို သတ်မှတ်သွားတာပါ" လို့ မက်ဖာလိန်းက ဆိုပါတယ်။
"ဘာကြောင့်လဲဆိုတာ ပြောဖို့ခက်ပါတယ်၊ ပြီးခဲ့တဲ့သီတင်းပတ်၊ လိဒ်နဲ့ပွဲစဉ်ရဲ့ခံစစ်ကစားပုံနဲ့ ဘာလို့ ဒီလောက်တောင် ကွာခြားသွားရတာလဲဆိုတာကို ပြန်ဆန်းစစ်ကြည့်ချင်ပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ကန်ချက်က တိုင်ထိခဲ့သလို ပယ်လ်မာလည်း ပင်နယ်တီ လွဲခဲ့တယ်၊ အစပိုင်းကတည်းက အခြေအနေမကောင်းဖြစ်နေချိန်မှာ အခုလိုအခွင့်အရေးမျိုးတွေ ကိုယ့်ဘက်မှာ ရှိနေဖို့ လိုအပ်ပေမဲ့ ကံမကောင်းစွာနဲ့ပဲ လွဲချော်ခဲ့ရပါတယ်။ ဒါ အလွန်စိတ်ပျက်စရာကောင်းပါတယ်။ ကျွန်တော်တို့က အခုပြသခဲ့တဲ့ခြေစွမ်းထက် အများကြီး ပိုကောင်းတယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ရဲ့အဆင့်အတန်းအတိုင်း ကစားနိုင်ခဲ့တာမျိုး တစ်ခါမှ မရှိခဲ့ပါဘူး"လို့ သူက ဆက်ပြောပါတယ်။
ရိုဆင်နီယာရဲ့လက်ထက်မှာ အသင်းအတွက် ပေးဆပ်ကစားဖို့ ချဲလ်ဆီးကြယ်ပွင့်တွေ စိတ်မပါတော့ဘူးဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပေမဲ့ မက်ဖာလိန်းကတော့ သူ့ရဲ့ကစားသမားတွေ အစွမ်းကုန်ပေးဆပ်နေဆဲပဲလို့ ပြောပါတယ်။
"ဒီလိုတော့ မပြောချင်ပါဘူး၊ ကစားသမားတွေဘက်က ကြိုးစားအားထုတ်မှုနဲ့ ပေးဆပ်မှုတွေ လျော့နည်းသွားတယ်လို့ ကျွန်တော်မထင်ပါဘူး။ သူတို့တွေ အကောင်းဆုံးလုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်၊ ကစားသမားတွေ နေ့တိုင်း ဘယ်လောက်အထိကြိုးစားနေလဲဆိုတာ ကျွန်တော်တို့ မြင်နေရတာပဲ။ အခုချိန်မှာ ဒါတွေကို အမြန်ဆုံးမေ့ပစ်ပြီး တုံ့ပြန်ဖို့ပဲ လိုအပ်ပါတယ်။ အရင်ပြောဖူးသလိုပဲ၊ ဒီခြေစွမ်းထက် ပိုကောင်းအောင် လုပ်ရမယ်၊ လာမယ့်ငါးရက်တာကာလမှာ ကစားရမယ့် ပွဲအတွက် အသင့်ဖြစ်နေဖို့ လိုပါတယ်" လို့ မက်ဖာလိန်းက ဆိုပါတယ်။
အခုပွဲစဉ်မှာ ချဲလ်ဆီးအတွက် ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရရှိခဲ့တဲ့ လူငယ်တောင်ပံကစားသမားဒါရီက ပယ်နယ်တီရရှိအောင် ကြိုးပမ်းပြီးနောက် ဦးခေါင်းဒဏ်ရာနဲ့အတူ လူနာထမ်းစင်ဖြင့် ကွင်းတွင်းမှ ထွက်ခွာလာခဲ့ရပါတယ်။
ဒါရီနဲ့ပတ်သက်လို့ မက်ဖာလိန်းက "နောက်ဆုံးသတင်းအရတော့ သူ အခြေအနေကောင်းပါတယ်၊ ဆေးအဖွဲ့နဲ့ အသေးစိတ်ထပ်မံဆွေးနွေးရဦးမှာ ဖြစ်ပေမဲ့ ကောင်းမွန်တဲ့ လက္ခဏာတွေ တွေ့ရပါတယ်" လို့ ပြောကြားခဲ့ပါတယ်။