The network connection is lost.

Banner Image

လီဗာပူးနဲ့ရင်ဆိုင်ရမယ့်ပွဲကြီးပွဲကောင်းကို လွဲချော်ဖွယ်ရှိနေတဲ့ ချဲလ်ဆီးဂိုးသမား‌‌ရောဘတ်ဆန်းချက်ဇ်

လီဗာပူးနဲ့ရင်ဆိုင်ရမယ့် အန်ဖီးလ်ကွင်းပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ဂိုးသမားရောဘတ်ဆန်းချက်ဇ်ရဲ့ ကြံ့ခိုင်မှုအခြေအနေနဲ့ပတ်သက်လို့ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေ စိုးရိမ်ပူပန်နေရပါတယ်။

စပိန်ဂိုးသမားက နော်တင်ဟမ်ဖောရက်စ်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားမော်ဂန်ဂစ်ဝှိုက်နဲ့ ဦးခေါင်းချင်း ပြင်းပြင်းထန်ထန်တိုက်မိခဲ့လို့ အခုအခါမှာတော့ ပွဲကစားနိုင်ရေးအတွက် အချိန်နဲ့အမျှ ကြိုးစားနေရပါတယ်။

ဒီဖြစ်ရပ်ကြောင့် မျက်နှာမှာ ဒဏ်ရာရရှိခဲ့တဲ့ ဂစ်ဝှိုက်နည်းတူ ရောဘတ်ဆန်းချက်ဇ်လည်း ပွဲကစားချိန် ၆၆ မိနစ်မှာ ကွင်းတွင်းမှ လူစားလဲထွက်ခွာခဲ့ရပါတယ်။ ရောဘတ်ဆန်းချက်ဇ်က ဦးခေါင်းမှာ ပတ်တီးအထပ်ထပ်စည်းပြီး ဆက်ကစားဖို့ ကြိုးစားခဲ့သေးပေမဲ့ နောက်ဆုံးမှာတော့ ချဲလ်ဆီးအဖွဲ့သားတွေက သူ့အစား ဂျော်ဂန်ဆန်နဲ့ လူစားလဲလှယ်ခဲ့ပါတယ်။

ကစားသမားနှစ်ဦးလုံးကို ဦးခေါင်းဒဏ်ရာကြောင့် လူစားလဲခြင်း (concussion substitution) လို့ တရားဝင်မှတ်တမ်းမတင်ခဲ့ပေမဲ့ ဆန်းချက်ဇ်ကိုယ်တိုင်လည်း အက်ဖ်အေရဲ့ ကွင်းတွင်းပြန်လည်ဝင်ရောက်ကစားနိုင်ရေး(return-to-play) စည်းမျဉ်းတွေအရ တင်းကျပ်တဲ့ဆေးဘက်ဆိုင်ရာစစ်ဆေးမှုတွေကို မဖြစ်မနေခံယူသွားရဖို့ ရှိနေပါတယ်။

ကော့ဘ်ဟမ်မှာရှိတဲ့ ချဲလ်ဆီးဆေးအဖွဲ့က လာမယ့်ရက်တွေအတွင်း ရောဘတ်ဆန်းချက်ဇ်ကို အနီးကပ် စောင့်ကြည့်သွားဖို့ရှိနေပြီး ပွဲကစားခွင့်မပေးခင် လိုအပ်တဲ့စစ်ဆေးမှုတွေကို အကြိမ်ကြိမ်ပြုလုပ်သွားပါလိမ့်မယ်။

ဒီလမ်းညွှန်ချက်တွေက ကစားသမားတွေရဲ့ဘေးကင်းလုံခြုံမှုကို အဓိကဦးစားပေးတာဖြစ်ပြီး စစ်ဆေးမှုအဆင့်တစ်ခုခုမှာကျရှုံးခဲ့ရင် အနည်းဆုံး ၁၂ ရက်ကြာ မဖြစ်မနေအနားယူရမယ့် ကာလကို သတ်မှတ်နိုင်ပါတယ်။ လာမယ့်စနေနေ့ပွဲစဉ်မတိုင်ခင် ပြန်လည်သက်သာဖို့ အချိန်အနည်းငယ်သာ ကျန်တော့လို့ ရောဘတ်ဆန်းချက်ဇ် ပါဝင်ကစားနိုင်မလားဆိုတာ လက်ရှိမှာ မသေချာသေးပါဘူး။