ချဲလ်ဆီးကို အံ့အားသင့်ဖွယ် အနိုင်ရရှိပြီးနောက် အသင်းဖော်တွေကို ချီးကျူးလိုက်တဲ့ အာဝါနီယီ
စတန်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် တိုင်ဝိုအာဝါနီယီက နည်းပြ ဗီတာပရဲရားနဲ့ နည်းပြအဖွဲ့ဝင်တွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
အနောက်လန်ဒန်မှာ ကစားခဲ့တဲ့ ဒီပွဲစဉ်အတွက် နည်းပြဖြစ်သူက လူစာရင်းကို ၈ နေရာအထိ အပြောင်းအလဲလုပ်ခဲ့ပြီး နိုင်ဂျီးရီးယားတိုက်စစ်မှူး အာဝါနီယီကို ပွဲထွက်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။ အာဝါနီယီကလည်း ဒီအခွင့်အရေးကို အသုံးချပြီး အသင်းအတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ အီဂေါဂျေးဇူးက ပင်နယ်တီကတစ်ဆင့် ဂိုးသွင်းယူပြီး နော်တင်ဟမ်ဖောရက်စ်အတွက် အသာစီးရအောင် လုပ်ဆောင်ပေးခဲ့သလို ပွဲရပ်နားချိန်အထိ ၂ ဂိုးအသာရနေစေဖို့အတွက်လည်း ဂိုးသမား မတ်ဇ်ဆဲလ်က ပွဲပြီးခါနီး အချိန်ပိုမှာ ကိုးလ်ပါးလ်မားရဲ့ ပင်နယ်တီကန်ချက်ကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းအစောပိုင်းမှာလည်း အာဝါနီယီက နောက်ထပ်တစ်ဂိုး ထပ်မံသွင်းယူပြီး အနိုင်ရလဒ်ကို အတည်ပြုပေးခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် နော်တင်ဟမ်ဖောရက်စ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ အတွင်းဝင်ဖို့ ၆ မှတ်အလိုအထိ ရောက်ရှိလာခဲ့ပြီး အဝေးကွင်းမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
"ဒါဟာ အရေးကြီးတဲ့ နိုင်ပွဲတစ်ခုပါ၊ ကစားသမားတွေ၊ နည်းပြနဲ့ ဝန်ထမ်းတွေအားလုံးကို ဂုဏ်ပြုချင်ပါတယ်။ ကျွန်တော်တို့ ဒီကိုလာခဲ့တာက လိုအပ်နေတဲ့ ရမှတ် ၃ မှတ်ကို အမိအရရယူမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လာခဲ့တာဖြစ်ပြီး အခုလို နိုင်ပွဲရအောင် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်" လို့ လီဗာပူးကစားသမားဟောင်းဖြစ်သူက Forest TV ကို ပြောကြားခဲ့ပါတယ်။