The network connection is lost.

Banner Image

ဒီရာသီမှာ အခြေအနေမကောင်းခဲ့ပေမယ့် ဟိုဝီကို အခွင့်အရေးထပ်ပေးသင့်တယ်လို့ဆိုလိုက်တဲ့ အလန်ရှီးယား

ဆိုးရွားတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရပေမဲ့ နယူးကာဆယ်နည်းပြ ဟိုဝီအနေနဲ့ နောက်ထပ်အခွင့်အရေးတစ်ခု ရရှိဖို့ ထိုက်တန်တယ်လို့ ပရီးမီးယားလိဂ် ဂန္ထဝင်ကစားသမား အလန်ရှီးယားက ယုံကြည်နေပါတယ်။ ပြီးခဲ့တဲ့အပတ်က ဘရိုက်တန်ကို ၃-၁ ဂိုးနဲ့ အနိုင်မရခင်အထိ နယူးကာဆယ်ဟာ ၁၂ ပွဲမှာ ၉ ပွဲအထိ ရှုံးနိမ့်ထားတဲ့ ဆိုးရွားတဲ့ရလဒ်တွေကြောင့် အဆင့် ၁၅ နေရာမှာ ရုန်းကန်နေခဲ့ရတာပါ။ ပွဲအပြီးမှာတော့ နယူးကာဆယ်ဥက္ကဋ္ဌ ယာဆာ အယ်လ်ရူမေယန်ဟာ ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို အဝတ်လဲခန်းအထိ သွားရောက်တွေ့ဆုံခဲ့ပြီး လာမယ့်ရာသီအတွက် တောက်ပတဲ့ အနာဂတ်ရှိနေကြောင်း အားပေးစကားပြောကြားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရလည်း ဟိုဝီဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မက်ဖန်ဟောလ် (Matfen Hall) မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကနေတစ်ဆင့် ဆော်ဒီအများပြည်သူရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (PIF) အနေနဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ အသင်းကို စတင်တာဝန်ယူခဲ့စဉ်က ချမှတ်ခဲ့တဲ့ ရည်မှန်းချက်ကြီးမားတဲ့ အစီအစဉ်တွေအပေါ် အခုထက်ထိ အပြည့်အဝ သန္နိဋ္ဌာန်ချထားဆဲဖြစ်တယ်ဆိုတာကို ယုံကြည်မှုရှိရှိနဲ့ ထွက်ခေါ်လာခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဟိုဝီဟာ နည်းပြရာထူးအတွက် စိတ်ချရတဲ့ အခြေအနေမှာ ရှိနေပြီး လာမယ့်ရာသီမှာ ဥရောပဝင်ခွင့်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တွေ ပြန်လည်ရရှိဖို့အတွက် အသင်းကို ဆက်လက်ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ "The Rest Is Football" ပေါ့ဒ်ကတ်စ်မှာ ပြောကြားခဲ့ရာမှာတော့ ရှီးယားက ဟိုဝီရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ကောလာဟလတွေ ငြိမ်သက်သွားပြီး အားပေးထောက်ပံ့မှုတွေ ရရှိတာကို မြင်တွေ့ရတဲ့အတွက် ဝမ်းသာမိတယ်လို့ ဆိုပါတယ်။ ရှီးယားက "ကျွန်တော် ပြောခဲ့သလိုပဲ အရာအားလုံးက မျှတနေမယ်ဆိုရင် သူ့ကို အသင်းမှာပဲ ရှိစေချင်ပါတယ်၊ ဒါပေမဲ့ သူကိုယ်တိုင်ကလည်း ဒီမှာပဲ ဆက်ရှိနေချင်တဲ့ ဆန္ဒရှိရပါလိမ့်မယ်။ ပြီးခဲ့တဲ့အပတ်က အသင်းရဲ့ အကြီးအကဲတွေအားလုံး နယူးကာဆယ်မှာ နှစ်ရက်၊ သုံးရက်လောက် ရှိနေခဲ့စဉ်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးဟာ နှစ်ဦးနှစ်ဖက်လုံးအတွက် တကယ်ကို အဆင်ပြေချောမွေ့ခဲ့တယ်လို့ ကျွန်တော် သိထားပါတယ်။ အဲဒါက ဘာကိုပြသလဲဆိုတော့ အစီအစဉ်တွေအပေါ် ဟိုဝီကလည်း ကျေနပ်သလို၊ အသင်းဘက်ကလည်း ဟိုဝီရဲ့ တင်ပြချက်တွေအပေါ် သဘောကျတယ်ဆိုတာပါပဲ။ တကယ်လို့ ဒါဟာ အမှန်ဆိုရင်တော့ ရာသီတစ်ခုမှာ ရလဒ်တွေဆိုးခဲ့ပေမဲ့ နောက်တစ်ကြိမ် အခွင့်အရေးပေးဖို့ ထိုက်တန်တဲ့ နည်းပြတစ်ဦးရှိတယ်ဆိုရင် အဲဒါဟာ ဟိုဝီပဲ ဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ နွေရာသီက ကစားသမားသစ် ခေါ်ယူမှုတွေကလည်း အကူအညီမဖြစ်ခဲ့တာကို အားလုံးသိကြပြီးသားဖြစ်သလို တကယ်ကို ခက်ခဲတဲ့ ရာသီတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ နယူးကာဆယ်အတွက် ဒီရာသီက အမြန်ဆုံးကုန်ဆုံးသွားလေ ပိုကောင်းလေပါပဲ၊ ဒါမှသာ လာမယ့်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေ စတင်နိုင်မှာပါ။ ဟိုဝီအနေနဲ့ အသင်းကို ဆက်လက်ဦးဆောင်သွားမယ်ဆိုတဲ့ သတင်းတွေသာ အမှန်ဆိုရင် ကျွန်တော် တကယ်ကို ဝမ်းသာမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ ရာသီကုန်ဖို့ ၃ ပွဲသာ လိုတော့တဲ့အချိန်မှာ ဥရောပဝင်ခွင့်ရရှိရေး ဇယားအထက်ပိုင်းကို တက်လှမ်းနိုင်ဖို့အတွက် နောက်လာမယ့်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။