အီတီဟတ်ကွင်းနိုင်ပွဲနဲ့အတူ ကွာတားဖိုင်နယ်တက်လှမ်းသွားတဲ့ ရီးရဲလ်မက်ဒရစ်
မန်စီးတီး ၁-၂ ရီးရဲလ်မက်ဒရစ် (ပွဲပြီးရလဒ်)
ဘာနေဗျူးကွင်းပထမအကျော့ဂိုးပြတ်ရှုံးနိမ့်မှုအရ အခုပွဲစဉ်မှာ အိမ်ရှင်မန်စီးတီးက မဖြစ်မနေဂိုးပြတ်အနိုင်ရရှိဖို့ လိုအပ်ခဲ့ပေမယ့် ပွဲချိန်အစောပိုင်းမှာတင် တိုက်ရိုက်အနီကတ်ဖြင့် ဘာနာဒိုဆေးလ်ဗား ထုတ်ပယ်ခံရမှုနဲ့အတူ ဗင်နီစီးယက်စ်ရဲ့ပင်နယ်တီဦးဆောင်ဂိုးကိုပါ ခွင့်ပြုပေးလိုက်ရလို့ အတော်လေး အခက်တွေ့သွားခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ဟာလန်းက အိမ်ရှင်တွေအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာလည်း အပြန်အလှန်ထိုးဖောက်ဆင်ခဲ့ကြပေမဲ့ နောက်ထပ်သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရဘဲ နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှသာ ဗင်နီစီးယက်စ်က ရီးရဲလ်မက်ဒရစ်အတွက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ်ဆီ တက်လှမ်းသွားပါတယ်။