နယူးကာဆယ်လူငယ်ကြယ်ပွင့် လူးဝစ်ဟောကို အာဆင်နယ်၊ လီဗာပူးနဲ့ မန်စီးတီးတို့ စောင့်ကြည့်နေ
ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ လီဗာပူးနဲ့ မန်စီးတီးတို့က နယူးကာဆယ်လူငယ်ကြယ်ပွင့်လူးဝစ်ဟောရဲ့ ခြေစွမ်းတိုးတက်လာမှုတွေကို စောင့်ကြည့်နေကြတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၁ နှစ်အရွယ်ကစားသမားက ချယ်လ်ဆီးအကယ်ဒမီမှ ကွင်းလယ်လူတစ်ဦးအဖြစ် ထွက်ပေါ်လာခဲ့ပေမဲ့ အနောက်လန်ဒန်ကလပ်အတွက် ပထမဆုံးပွဲထွက်ကစားချိန် ဘယ်နောက်ခံလူအဖြစ် ပါဝင်ကစားခဲ့ပါတယ်။
ဟောက ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ နယူးကာဆယ်ဆီ အငှားဖြင့် စတင်ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီကာလမှစလို့ သူက အင်္ဂလန်ရဲ့အကောင်းဆုံးလူငယ်နောက်ခံလူတွေအနက် တစ်ဦး ဖြစ်လာခဲ့ပါတယ်။
CaughtOffside ရဲ့ ဖော်ပြချက်အရ သူ့ကို ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ လီဗာပူးနဲ့ မန်စီးတီးတို့ အာရုံစိုက်နေကြတယ်လို့ သိရပါတယ်။
ဒါပေမဲ့ သူ့ကို စိတ်ဝင်စားနေတာ အဲဒီကလပ်အသင်းတွေတင် မဟုတ်ပါဘူး။ လိုက်ပ်ဇစ်နဲ့ ဒေါ့မွန်အသင်းတို့ကလည်း အခုရာသီမှာ ဟောရဲ့ခြေစွမ်းကို စောင့်ကြည့်ဖို့အတွက် ကင်းထောက်တွေ စေလွှတ်ထားတယ်လို့ အဲဒီသတင်းမှာ ထပ်မံဖော်ပြထားပါတယ်။