The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ ဒုတိယအကျော့ပွဲစဉ်မှာ အညှာအတာကင်းမဲ့စွာ ကစားကြဖို့ အသင်းဖော်တွေဆီ တိုက်တွန်းလိုက်တဲ့ ပီအက်စ်ဂျီကြယ်ပွင့်ဒမ်ဘီလီ

ပီအက်စ်ဂျီတိုက်စစ်မှူးဒမ်ဘီလီက အင်္ဂါနေ့၊ ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် ၁၆ သင်းရှုံးထွက်အဆင့်၊ ဒုတိယအကျော့ပွဲစဉ်မှာ ချန်ပီယံလိဂ်လက်ရှိချန်ပီယံတွေကိုယ်တိုင် အညှာအတာကင်းမဲ့စွာ တိုက်ပွဲဝင်ကစားသွားကြဖို့ အသင်းဖော်တွေဆီ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ ပါရီမြေပထမအကျော့ပွဲစဉ်မှာ ချဲလ်ဆီးကို ၅-၂ ဂိုးဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့လို့ ကွာတားဖိုင်နယ်ဆီ လက်ရှိချန်ပီယံတွေ အေးအေးဆေးဆေး တက်ရောက်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ချဲလ်ဆီးအသင်းက ပထမအကျော့ပွဲစဉ်ရဲ့နောက်ဆုံးမိနစ်တွေမှာ အားနည်းချက်မျိုးစုံပြသခဲ့လို့ အခုစတမ်းဖို့ဒ်ဘရစ်ကွင်းဒုတိယအကျော့ပွဲစဉ်မှာ အတော်လေးခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
 
ဒါပေမဲ့ ဘော်လွန်ဒီအော်ဆုရှင် ဒမ်ဘီလီကတော့ ပီအက်စ်ဂျီအတွက် အသာစီးရရှိထားတဲ့ အခြေအနေကို ကာကွယ်နေတာမျိုး မဟုတ်ဘဲ အနိုင်ပိုင်းဖို့အတွက် တိုက်စစ်ဖွင့်ကစားရမယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
 
"ပထမအကျော့အပြီးမှာ ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်က အနိုင်ယူဖို့ပါပဲ။ ခံစစ်ချည်းပဲ ပိတ်ကစားနေလို့ မရပါဘူး၊ ကျွန်တော်တို့ အနိုင်ရရှိအောင်ကစားဖို့ လိုပါတယ်" လို့ ပြင်သစ်ကြယ်ပွင့်က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
 
"ကျွန်တော်တို့ အပြည့်အဝ အာရုံစိုက်ထားဖို့ လိုပါတယ်။ ချဲလ်ဆီးက အရည်အသွေးမြင့်တဲ့ အသင်းတစ်ခုဖြစ်ပြီး ဥရောပပြိုင်ပွဲတွေမှာလည်း အများကြီး အောင်မြင်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ရဲ့စိတ်ဓာတ်က ပြောင်းလဲသွားမှာ မဟုတ်ပါဘူး၊ ဒီကို အနိုင်ရလဒ်အတွက်ပဲ လာခဲ့တာပါ" လို့ သူက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်၊ ကွာတားဖိုင်နယ်မှာ အက်စတွန်ဗီလာကို ဂိုးပြတ်အသာစီးရထားပြီးနောက် အခက်အခဲကြုံတွေ့ခဲ့ရမှုမှတဆင့် ပီအက်စ်ဂျီအသင်း သင်ခန်းစာယူထားတယ်လို့ ဒမ်ဘီလီက ယုံကြည်နေပါတယ်။ ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ အဲဒီဒုတိယအကျော့ပွဲစဉ်မှာ နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးအထိ ရောက်ရှိပြီးမှ အက်စတွန်ဗီလာက သုံးဂိုးပြန်သွင်းခဲ့လို့ ပီအက်စ်ဂျီတို့ ပွဲချိန်နှောင်းပိုင်းမိနစ်တွေမှာ အတော်လေးရုန်းကန်ခဲ့ရပါတယ်။
 
"ကျွန်တော်တို့ နည်းနည်းတော့ ရုန်းကန်ရနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလားရခဲ့ပေမဲ့ ခက်ခဲတဲ့အချိန်တွေလည်း ရှိခဲ့တာပဲလေ။ ဒါကြောင့် အာရုံစိုက်ထားဖို့ လိုပါတယ်။ အခု ကျွန်တော်တို့ သုံးဂိုးအသာစီး ရထားပေမဲ့ စိတ်ဓာတ်ကတော့ ပြောင်းမသွားပါဘူး။ ခံစစ်ပိတ်ပြီး စောင့်ကစားနေမှာ မဟုတ်ဘဲ ကိုယ့်အစီအစဉ်အတိုင်း ကစားသွားပါမယ်" လို့ ဒမ်ဘီလီက ပြောပါတယ်။