ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမတိုင်ခင် မန်စီးတီးကစားသမားတွေကို တစ်ရက် အနားပေးလိုက်တဲ့ ပက်ဂွါဒီယိုလာ
ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပေမဲ့လည်း မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့ရဲ့ကစားသမားတွေကို တစ်ရက် အနားပေးလိုက်ပါတယ်။
စပိန်ထိပ်သီးကလပ် ရီးရဲလ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဘာနေဗျူးမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ဖက်ဒရီကို ဗယ်ဗာဒီရဲ့ ပထမပိုင်း ဟက်ထရစ်ဂိုးတွေနဲ့ ၃-ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားတာကြောင့် မန်ချက်စတာမြေကို အသာစီးနဲ့ လာရောက်မှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းကတော့ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိချင်ရင် အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ ၃ ဂိုးပြတ်ရှုံးနိမ့်မှုကို ပြန်ပြီး အနိုင်ယူကျော်ဖြတ်ရမယ့် မဖြစ်နိုင်သလောက် ခက်ခဲတဲ့ တာဝန်ကို ထမ်းဆောင်ရတော့မှာပါ။
Daily Mail ရဲ့ ဖော်ပြချက်အရ အံ့အားသင့်စရာကောင်းတာကတော့ ပွဲကျပ်ကာလတွေကို ဖြတ်သန်းနေရတဲ့ ကစားသမားတွေ ထိုက်ထိုက်တန်တန် အနားရစေဖို့အတွက် အခုလို အရေးကြီးတဲ့ပွဲမတိုင်ခင်မှာ ဂွါဒီယိုလာက အနားပေးဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ အရင်ကလည်း ဒေါ့မွန်နဲ့ပွဲမတိုင်ခင်မှာ အခုလိုမျိုး လေ့ကျင့်ရေးအစီအစဉ်ကို ဖျက်သိမ်းပြီး အနားပေးခဲ့ဖူးပါတယ်။
အဲ့ဒီတုန်းက မန်စီးတီးဟာ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်ကို ၄-၁ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာကြောင့် အခု ရီးရဲလ်နဲ့ပွဲမှာလည်း အလားတူရလဒ်မျိုး ရဖို့ မျှော်လင့်နေပါတယ်။ တစ်ဖက်မှာလည်း ရီးရဲလ်က ဝက်စ်ဟမ်းနဲ့ သရေကျပြီး ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက် အနည်းငယ် ထိခိုက်သွားတဲ့ မန်စီးတီးကို ထပ်ပြီး အသာစီးရယူဖို့ ကြိုးစားလာမှာပါ။
ကြားရက် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ရီးရဲလ်ရဲ့ လူစာရင်းမှာ ကိုင်လီယန် ဘာပေ ပါဝင်လာတာဟာလည်း မန်စီးတီးရဲ့ အရှုံးကနေ ပြန်လာနိုင်ဖို့ ကြိုးစားမှုကို ပိုပြီး ခက်ခဲသွားစေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ကတည်းက ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ဂွါဒီယိုလာရဲ့အသင်းနဲ့ပွဲမှာ ပြန်လည်ပါဝင်လာနိုင်တာကြောင့် မန်စီးတီးနည်းပြအတွက်တော့ တကယ့်ကို အလုပ်ရှုပ်စရာတွေ ဖြစ်လာတော့မှာပါ။