ကွင်းလယ်ကြယ်ပွင့်ကာမာဗင်ဂါအတွက် ကောင်းမွန်တဲ့ကမ်းလှမ်းမှုရှိလာရင် ရောင်းချသွားဖို့ စဉ်းစားနေတဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်အသင်းက လာမယ့်နွေရာသီမှာ ကွင်းလယ်လူကာမာဗင်ဂါအတွက် သင့်တော်တဲ့ကမ်းလှမ်းမှုတစ်ခု ရရှိမယ်ဆိုရင် ကစားသမားကိုရောင်းချသွားဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၃ နှစ်အရွယ်ကစားသမားက အခုဘောလုံးရာသီမှာ ဒဏ်ရာပြဿနာအမျိုးမျိုးနဲ့ မကြာခဏရင်ဆိုင်ခဲ့ရပြီး သူပါဝင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ် ၂၀ ခုအနက် ၁၂ ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
မက်တီယိုမော်ရက်တိုရဲ့အဆိုအရ ရီးရဲလ်မက်ဒရစ်က ကာမာဗင်ဂါအတွက် သူတို့သတ်မှတ်ထားတဲ့ "ကမ်းလှမ်းမှုကောင်း"တစ်ခုရရှိမယ်ဆိုရင် နွေရာသီမှာ ရောင်းချဖို့ လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။
"ရီးရဲလ်မက်ဒရစ်မှာရှိနေတဲ့ ကာမာဗင်ဂါရဲ့အနာဂတ်က ကမ်းလှမ်းမှုကောင်းကောင်းတစ်ခု ရှိလာမယ်ဆိုရင် အသင်းမှ ထွက်ခွာသွားရနိုင်ပါတယ်" လို့ Radio Marca ကို မော်ရက်တိုက ပြောကြားခဲ့ပါတယ်။
ကာမာဗင်ဂါက အတိတ်မှာလည်း ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းအချို့နဲ့ သတင်းထွက်ပေါ်ခဲ့ဖူးလို့ အင်္ဂလန်မြေဆီရောက်ရှိဖို့ဆိုတာ အဖြစ်နိုင်ဆုံးအခြေအနေတစ်ရပ်မှာ ပါဝင်နေပါတယ်။