The network connection is lost.

Banner Image

ဝက်စ်ဟမ်းနဲ့ပွဲစဉ်အတွင်း အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ စိတ်ပျက်နေတဲ့ ပက်ဂွါဒီယိုလာ

ဝက်စ်ဟမ်းနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ အခုလို ရလဒ်မျိုး ထွက်ပေါ်လာခဲ့တယ်လို့ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။

အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဘာနာဒိုဆေးလ်ဗားက မန်စီးတီးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ မာဗရိုပါနို့စ်ရဲ့ခေါင်းတိုက်ချက်ဖြင့် ဝက်စ်ဟမ်းတို့ ချေပဂိုး ရရှိခဲ့ပါတယ်။

ပက်ဂွါဒီယိုလာက "ဘောလုံးဆိုတာ ခန့်မှန်းရခက်ပါတယ်" လို့ ဆိုပါတယ်။

"သူတို့က ရတဲ့အခွင့်အရေးတစ်ကြိမ်မှာ တစ်ဂိုးသွင်းသွားတယ်။ ဒါမျိုးတွေက အရင်လည်း ဖြစ်ဖူးပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့အသင်းက ပွဲကို ကဏ္ဍတော်တော်များများမှာ ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ၃ ဂိုး၊ ၄ ဂိုးလောက်အထိတော့ မသွင်းနိုင်ခဲ့ဘူး။

ဇန်နဝါရီ ၁ ရက်၊ ဆန်းဒါးလန်းနဲ့ပွဲကို ကျွန်တော်မှတ်မိသေးတယ်။ အဲဒီပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေ အများကြီးရခဲ့တယ်။ အဲဒီနောက်ပိုင်း ချယ်လ်ဆီး၊ ဘရိုက်တန်နဲ့ ဒီနေ့ပွဲတွေမှာလည်း အတူတူပါပဲ။

အာဆင်နယ်နဲ့ အဝေးကွင်းပွဲမှာတော့ သူတို့က နိုင်သင့်လို့ နိုင်သွားတာပါ။ ယူနိုက်တက်နဲ့ပွဲစဉ်မှာလည်း သူတို့က ကျွန်တော်တို့ထက် အများကြီးပိုကောင်းခဲ့ပါတယ်။ ဒါပေမဲ့ တခြားပွဲတွေမှာတော့ ကျွန်တော်တို့က ပိုကောင်းခဲ့ပါတယ်။

အသင်းမှာ ကစားသမားသစ်တွေ အများကြီးရှိနေလို့ မိနစ် ၉၀ ပြည့် တသမတ်တည်း ခြေစွမ်းမပြနိုင်တာမျိုး ဖြစ်နိုင်ပါတယ်၊ အတက်အကျတွေ ရှိတာပေါ့။

နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်လိုမျိုးတွေက ကျွန်တော်တို့ကို ဖော်ပြနေသလိုပါပဲ၊ နောက်ဆုံးမိနစ်မှာ ဆာဗင်ဟိုက ဂိုးသမားမရှိတဲ့ ဂိုးပေါက်ဆီ ကန်သွင်းပေမဲ့ ဂိုးမဝင်ခဲ့ဘူး။

ဒါမျိုးတွေ အကြိမ်ကြိမ်ဖြစ်ခဲ့တယ်၊ ကျွန်တော်တို့ ဂိုးတွေအလုံအလောက် မသွင်းနိုင်ခဲ့ဘူး။ ဒါကို ကျွန်တော် လက်ခံပါတယ်။ ပြိုင်ဘက်တွေက ဂိုးသွင်းနိုင်သလို ကျွန်တော်တို့လည်း အမြဲတမ်း ဂိုးတွေအများကြီး သွင်းနိုင်ရပါမယ်။

ဒီရာသီမှာတော့ အဲဒီလိုမဖြစ်လာခဲ့ဘူး။ ဒါပေမဲ့ မက်ဒရစ်ခရီးစဉ်မှ အပြန်၊ ခက်ခဲတဲ့ ရလဒ်တစ်ခုနဲ့အတူ လန်ဒန်အထိလာပြီး အဆုံးအထိ တိုက်ပွဲဝင်ခဲ့တဲ့ ကစားသမားတွေအတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။

ပထမပိုင်းမှာ ပွဲကို ပိုပြီး ထိန်းချုပ်ကစားခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ချာကီ၊ ရိန်ဒါစ်၊ ဖိုဒန်၊ ဒိုကူတို့လို ကစားသမားတွေနဲ့ ပွဲကို ပိုပြီး မြန်ဆန်သွက်လက်အောင် ပြောင်းလဲနိုင်ခဲ့တယ်။ ကောင်းကောင်းကစားနိုင်ခဲ့ပေမဲ့ ပွဲကိုတော့ မနိုင်ခဲ့ပါဘူး။

ပိုကောင်းအောင် လုပ်နိုင်ခဲ့တဲ့ အရာတွေ အများကြီးရှိပါတယ်။ ပထမပိုင်းမှာ နောက်ဆုံးပေးပို့မှုတွေက အခုထက်ပိုပြီး ထိရောက်မှုရှိသင့်ပါတယ်။

နောက်ဆုံးမှာတော့ ဖြတ်တင်ဘော၊ အဝေးကန်ချက်၊ တစ်ဦးချင်းကျော်ဖြတ်မှုတွေမှာ တီထွင်ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီရာသီ၊ အဲ့ဒီကဏ္ဍတွေမှာ အနည်းငယ်ရုန်းကန်နေရပါတယ်။ မလွယ်ကူဘူးဆိုလည်း သိကြပါတယ်။

အသင်းနှစ်ခုလုံးကိုတော့ ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ သူတို့က ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့ကြတယ်။ ရီးရဲလ်မက်ဒရစ်က တန်ပြန်တိုက်စစ်မှာ ပိုပြီး အန္တရာယ်များသလို ဝက်စ်ဟမ်းနည်းပြနူနိုဆန်းတို့စ်ဆိုတာလည်း တည်ကန်ဘောတွေမှာ ဆရာကြီးဖြစ်ပါတယ်။

အသင်းကို ကျွန်တော် ဘာပြောနိုင်မှာလဲ? အဆုံးသတ်ဂိုးသွင်းယူမှုအပိုင်းမှာ ကျွန်တော်တို့ အခုထက်ပိုပြီး ကောင်းဖို့လိုအပ်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ဘူး၊ ဒါပါပဲ။ ဒီရာသီ၊ ပွဲစဉ်အများစုမှာ အဲဒီလိုပဲ ဖြစ်နေခဲ့ပါတယ်" လို့ ၎င်းက ပြောကြားသွားခဲ့ပါတယ်။