The network connection is lost.

Banner Image

အက်ဖ်အေဖလားနိုင်ပွဲကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲကြဖို့ ဝက်စ်ဟမ်းပရိသတ်တွေဆီ ဂိုးသမားအာရီယိုလာ တိုက်တွန်း

အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဝက်စ်ဟမ်းဂိုးသမားအာရီယိုလာက အလွန်ဝမ်းမြောက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဝက်စ်ဟမ်းကပ္ပတိန်ဘိုဝင်နဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူးအီဂေါသီယာဂိုတို့ရဲ့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ အချိန်ပိုပွဲချိန်မိနစ်ကုန်ဆုံးချိန်အထိ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဘရန့်ဖို့ဒ်ကစားသမားအူယက်တာရာရဲ့ ပင်နယ်ကာ(Panenka) စတိုင်လ်ကန်ချက် ဂိုးပေါက်နဲ့လွဲချော်သွားလို့ ဝက်စ်ဟမ်းတို့ ၅-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

"တကယ့်ကို ရှည်လျားတဲ့ ညတစ်ခုပါပဲ" လို့ အာရီယိုလာက whufc.com ကို ပြောပါတယ်။ "အက်ဖ်အေဖလားမှာ သုံးပွဲကစားခဲ့ရပြီး သုံးပွဲစလုံး နောက်ဆုံးမိနစ်အထိ ကစားခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ တကယ့်ကိုကောင်းမွန်တဲ့ညတစ်ခုဖြစ်သလို ခံစားချက်တွေလည်း အလွန်ကောင်းမွန်ခဲ့ပါတယ်။ ဒီညမှာ ပရိသတ်တွေရဲ့အားပေးမှုကလည်း မယုံကြည်နိုင်လောက်စရာပါ"

"ကျွန်တော်တို့ ကောင်းမွန်တဲ့အချိန်တစ်ခုကို ပိုင်ဆိုင်ခဲ့ရပြီး ဒါက ဒီညအတွက် အထောက်အကူဖြစ်စေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ (သာမန်အချိန်နဲ့ အချိန်ပိုမှာတင်) အနိုင်ရဖို့နီးစပ်ခဲ့ပြီး ပြင်ဆင်ရမယ့်အချက်လေးတွေတော့ ရှိနေပါသေးတယ်၊ ဒါပေမဲ့ ဒီညကိုတော့ ကျွန်တော်တို့တွေ ပျော်ပျော်ပါးပါး ဆင်နွှဲပြီး ဖြတ်ကျော်သွားရပါမယ်"။

"အခုဆို ကျွန်တော့်ရဲ့ DJ တေးသီချင်းတွေကိုတောင် ဖွင့်နေကြပြီလေ!"

"ဘောလုံးလောကရဲ့ပြင်ပမှာ ကျွန်တော်လုပ်သမျှအရာအားလုံးကလည်း အာရုံစူးစိုက်မှုရှိဖို့၊ ကိုယ်စိတ်လန်းဆန်းပြီး အရာရာကို အကောင်းဆုံးပေးဆပ်နိုင်ဖို့ ကူညီပေးပါတယ်။ အသင်းက အရေးအကြီးဆုံးဆိုပေမဲ့ DJ တီးတာကလည်း စိတ်ဓာတ်ခွန်အားတက်ကြွစေပြီး ကျွန်တော့်အတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်" လို့ ၎င်းက ဆိုပါတယ်။