The network connection is lost.

Banner Image

ကမ္ဘာတစ်ဝန်းက ပဋိပက္ခဒဏ်ခံစားနေရသူတွေအတွက် လှုံ့ဆော်မှုတွေဆက်လုပ်သွားမယ်လို့ ပက် ဂွါဒီယိုလာ ကတိပြု

မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက် ဂွါဒီယိုလာက ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်နစ်နာနေရသူတွေအတွက် သူပိုင်ဆိုင်ထားတဲ့ နာမည်ကျော်ကြားမှုကို အသုံးချပြီး လှုံ့ဆော်မှုတွေဆက်လက်လုပ်ဆောင်သွားမယ်လို့ ကတိပြုပြောကြားလိုက်ပါတယ်။

နယူးကာဆယ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။

ဒါဟာ သူ ဘာစီလိုနာမှာ ကျင်းပခဲ့တဲ့ ရန်ပုံငွေဂီတဖျော်ဖြေပွဲတစ်ခုမှာ ပါလက်စတိုင်း နယ်မြေက ကလေးငယ်တွေအတွက် ထောက်ခံအားပေးကြောင်း ပြောကြားခဲ့ပြီး ၅ ရက်အကြာမှာ အခုလို ထပ်မံ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

“လူသားမျိုးနွယ်သမိုင်းတစ်လျှောက်မှာ အခုအချိန်လောက် သတင်းအချက်အလက်တွေကို ကျွန်တော်တို့ မျက်ဝါးထင်ထင် ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတာမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး” လို့ ဂွါဒီယိုလာက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သူက ပါလက်စတိုင်းမှာ ဖြစ်ပွားနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ ယူကရိန်းနဲ့ ရုရှားမှာ ဖြစ်ပျက်နေတာတွေအပြင် ဆူဒန်အပါအဝင် ကမ္ဘာတစ်ဝန်းက ဖြစ်ရပ်တွေကို ရည်ညွှန်းပြီး ပြောဆိုခဲ့တာပါ။

“ကျွန်တော်တို့ ရှေ့မှောက်မှာ ဘာတွေဖြစ်ပျက်နေတာလဲ၊ ခင်ဗျားတို့ကော ဒါတွေကို မြင်ချင်ရဲ့လား။ ဒါဟာ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေဖြစ်သလို ကျွန်တော်တို့အားလုံးရဲ့ ပြဿနာတွေလည်း ဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာဖို့ အားလုံး စုပေါင်းလုပ်ဆောင်ရမယ်လို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေး အေးဂျင့်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ရီနေး ဂွတ်ဒ် နဲ့ အဲလက်စ် ပရက်တီ တို့ရဲ့ ဖြစ်ရပ်ကိုလည်း ဂွါဒီယိုလာက ထောက်ပြခဲ့ပါတယ်။

အဆိုပါ အမေရိကန် နိုင်ငံသားနှစ်ဦး အသတ်ခံရမှုဟာ အမေရိကန်တစ်ဝန်းမှာ ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားစေခဲ့တာပါ။ “ဒါမျိုးကို ခင်ဗျားတို့ ဘယ်လိုများ ကာကွယ်ပြောဆိုနိုင်မှာလဲ” လို့ ဂွါဒီယိုလာက မေးခွန်းထုတ်ခဲ့ပါတယ်။

“အဲ့ဒီပုံရိပ်တွေကို မြင်ရတဲ့အခါ ကျွန်တော် တကယ်ပဲ စိတ်မကောင်းဖြစ်မိပြီး နာကျင်ရပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာစေဖို့ ကျွန်တော် တတ်နိုင်တဲ့ ဘယ်နေရာကနေမဆို အသံထွက်ပေးသွားမှာပါ။ အမြဲတမ်းလည်း အသင့်ရှိနေမှာပါ။ ဒါဟာ ကျွန်တော့်ရဲ့ ကလေးတွေ၊ မိသားစုတွေနဲ့ ခင်ဗျားတို့ အားလုံးအတွက်ပါ” လို့ သူက ဆက်လက် ဖွင့်ဟခဲ့ပါတယ်။

ဘယ်နေရာမှ ပြီးပြည့်စုံတဲ့ လူ့အဖွဲ့အစည်းဆိုတာ မရှိသလို၊ သူကိုယ်တိုင်လည်း ပြီးပြည့်စုံသူတစ်ယောက် မဟုတ်ကြောင်း၊ ဒါပေမဲ့ ပိုမိုကောင်းမွန်အောင် အားလုံး အတူတကွ ကြိုးစားကြရမှာဖြစ်ကြောင်း ပြောကြားရင်း ဂွါဒီယိုလာက နိဂုံးချုပ်ခဲ့ပါတယ်။