The network connection is lost.

Banner Image

ဂျာကေးအတွက် ပေါင် ၆၀ သန်း ပေးချေခဲ့တဲ့ လီဗာပူးအသင်းကို အရူးတွေလို့ ဒူဂါရီ လှောင်ပြောင်

လီဗာပူးအသင်းဟာ ရန်းနက်စ်နောက်ခံလူဂျာကေးကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပေမဲ့ ဒီအပြောင်းအရွှေ့အပေါ် ကမ္ဘာ့ဖလားချန်ပီယံ၊ ပြင်သစ်လက်ရွေးစင်ဟောင်း ဒူဂါရီက လှောင်ပြောင်ဝေဖန်ခဲ့ပါတယ်။

အန်းစလော့ရဲ့အသင်းက အနာဂတ်အတွက်ရည်ရွယ်ပြီး ဂျာကေးကို အပိုဆုကြေးတွေအပါအဝင် စုစုပေါင်း ပေါင် ၆၀ သန်းဝန်းကျင်ဖြင့် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့က လာမယ့်နွေရာသီကာလမှသာ အသက်ဝင်လာဖို့ရှိနေပြီး လီဗာပူးအသင်းဟာ ဒီပြင်သစ်လူငယ်လေးကိုရရှိဖို့အတွက် ချယ်လ်ဆီးနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပါတယ်။
အသက် ၂၀ အရွယ်ကစာသမားဂျာကေးကို လာမယ့်နှစ်အနည်းငယ်အတွင်း ကမ္ဘာ့အကောင်းဆုံးနောက်ခံလူစာရင်းဝင်ဖြစ်လာနိုင်တယ်လို့ အများက မျှော်လင့်ထားကြပါတယ်။ ဒါပေမဲ့လည်း ဒူဂါရီကတော့ ရန်းနက်စ်ရဲ့လှည့်စားမှုကို လီဗာပူးတို့ ခံစားလိုက်ရပြီး အခုဆောင်းရာသီအပြောင်းအရွှေ့အတွက် ငွေကြေးအများအပြားသုံးစွဲခဲ့မှုဟာ ရယ်စရာကောင်းလွန်းတယ်လို့ ဆိုပါတယ်။
"ဒါဟာ ကစားသမားကိုစော်ကားတာ မဟုတ်ပါဘူး။ ရိုးရိုးသားသားပြောရရင် သူ့မှာ အပြစ်မရှိသလို သူဟာ ကစားသမားကောင်းတစ်ဦးဖြစ်လို့ အကောင်းဆုံးဖြစ်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်။ ဒါပေမဲ့ လီဗာပူးလိုမျိုး အရူးလုပ်ရလွယ်တဲ့သူတွေကိုရှာတွေ့သွားတဲ့ ရန်းနက်စ်ကိုတော့ ချီးကျူးရပါမယ်" လို့ ဒူဂါရီက ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းက "ရန်းနက်စ်က ဂျာကေးအတွက် ယူရို ၇၂ သန်းလောက်ပေးချင်တဲ့ လီဗာပူးလို အရူးအသင်းမျိုးကို ရှာတွေ့သွားတာပါပဲ" လို့ ပြင်းပြင်းထန်ထန် ဖွင့်ဟခဲ့ပါတယ်။ ဂျာကေးအတွက် ပေးချေခဲ့ရတဲ့ ငွေကြေးပမာဏဟာ အလွန်မြင့်မားနေပြီး ဒါဟာ လူငယ်ကစားသမားအပေါ် ဖိအားတွေ အကြီးအကျယ် သက်ရောက်လာစေနိုင်တယ်လို့လည်း ၎င်းက ထောက်ပြခဲ့ပါတယ်။

"အခုခေတ်ဘောလုံးလောကဟာ အသိဉာဏ်ကင်းမဲ့နေပါပြီ။ ဒါကို ကျိုးကြောင်းဆီလျော်အောင် ရှင်းပြဖို့ မကြိုးစားပါနဲ့တော့။ ဘယ်လိုမှရှင်းပြလို့မရတဲ့ ကိစ္စပါ။ သနားစရာကောင်းတဲ့ ဂျာကေးဟာ ဒီပြောင်းရွှေ့ကြေးကြောင့်ပဲ ဖိအားတွေအောက် ရောက်သွားရပါလိမ့်မယ်"လို့ ဒူဂါရီက ဆိုပါတယ်။

ဒါ့အပြင် "သူဟာ တကယ့်ကိုထက်မြက်တဲ့ကစားသမားဖြစ်နေရင်တောင် သူ့ရဲ့ခြေစွမ်းအပေါ် အကဲဖြတ်မှုတွေက ပြောင်းလဲသွားပါလိမ့်မယ်။ ဘောလုံးအကြောင်းနားလည်တဲ့သူတွေကိုယ်တိုင်လည်း လီဗာပူးမှာ ပိုက်ဆံရှိလို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းပြချက်တွေနဲ့ပဲဖြစ်ဖြစ် ဒီလောက်ဈေးကြီးပေးတာကို မှန်ကန်တယ်လို့ မပြောကြပါနဲ့။ ဒါက အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်ပါ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းက ပြီးခဲ့တဲ့နွေရာသီမှာလည်း ပါးမားအသင်းရဲ့လူငယ်နောက်ခံလူလီယိုနီကို ပေါင် ၂၆ သန်းနဲ့ ခေါ်ယူထားခဲ့ပါသေးတယ်။ လက်ရှိတွင် ဂျာကေးနဲ့လီယိုနီတို့နှစ်ဦးစလုံးကို အနာဂတ်ကာလ၊ လီဗာပူးရဲ့ ခံစစ်တန်းကိုဦးဆောင်မယ့် လူငယ်မျိုးဆက်သစ်တွေဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။