နယူးကာဆယ်ကြယ်ပွင့် တိုနာလီကိုခေါ်ယူဖို့ ယူနိုက်တက်ကို ဆင်မ်ဆင်တိုက်တွန်း
မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ဒန်နီဆင်မ်ဆင်က နယူးကာဆယ်အသင်းရဲ့ ကြယ်ပွင့်ကွင်းလယ်လူ ဆန်ဒရိုတိုနာလီကို အရခေါ်ယူဖို့ သူ့ရဲ့ကလပ်ဟောင်းကို အကြံပြုတိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်းမှာ တိုနာလီဟာ အာဆင်နယ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အထူးသဖြင့် ခြေဖဝါးရိုးကျိုးဒဏ်ရာ ရရှိသွားတဲ့ မီကယ်မယ်ရီနိုရဲ့ နေရာမှာ အစားထိုးဖို့ အာဆင်နယ်က ပစ်မှတ်ထားခဲ့တာပါ။
ဒါပေမဲ့ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းကတော့ တိုနယ်လီဟာ အသင်းမှာ အလွန်ပျော်ရွှင်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သို့သော်လည်း နယူးကာဆယ်အနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိဘူးဆိုရင် တိုနာလီဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းလာနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။
တကယ်လို့ တိုနာလီသာ အပြောင်းအရွှေ့စျေးကွက်ထဲ ရောက်လာခဲ့ရင် အာဆင်နယ်က ပထမဆုံးကမ်းလှမ်းမယ့် အသင်းတွေထဲမှာ ပါဝင်နေပေမဲ့ ဒန်နီဆင်မ်ဆင်ကတော့ ယူနိုက်တက်အနေနဲ့ ဒီကစားသမားကို ခေါ်ယူသင့်တယ်လို့ ယူဆနေပါတယ်။
"တိုနာလီအနေနဲ့ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ခြေစွမ်းပြနိုင်မယ်လို့ ထင်ပါတယ်။ သူဟာ ကိုဘီမိုင်နူးနဲ့ အပေးအယူ အမျှတဆုံးဖြစ်မယ့်သူလို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တိုနာလီက တကွင်းလုံးအနှံ့ ပြေးလွှားနိုင်စွမ်း အရမ်းကောင်းလို့ပါ" လို့ ဆင်မ်ဆင်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် "သူဟာ နယူးကာဆယ်မှာ ထိပ်တန်းခြေစွမ်းပြနေတဲ့ ကစားသမားတစ်ဦးပါ။ ဘောလုံးထိန်းသိမ်းမှုကောင်းတယ်၊ တောင့်တင်းသန်မာတယ်၊ ရုပ်ပိုင်းဆိုင်ရာအရလည်း ကောင်းမွန်တဲ့အတွက် ယူနိုက်တက်အတွက် တကယ့်ကို ထူးချွန်တဲ့ ကစားသမားတစ်ဦး ဖြစ်လာမှာပါ" လို့လည်း သူက ဆိုပါတယ်။
ဆင်မ်ဆင်က ဆက်လက်ပြီး "တိုနယ်လီဟာ မန်ယူအသင်းရဲ့ ဂျာစီကို ဝတ်ဆင်နိုင်တဲ့ အရည်အချင်းရှိသူမျိုးပါ။ အဲဒါက ပြောသလောက် မလွယ်ကူပါဘူး။ ဒါပေမဲ့ သူဟာ ယူနိုက်တက်ရဲ့ ဖိအားတွေကို ကောင်းကောင်းရင်ဆိုင်နိုင်စွမ်းရှိသလို ကွင်းလယ်မှာလည်း အဆင်ပြေပြေ ကစားနိုင်ဖို့ရှိပါတယ်" လို့ ဖွင့်ဟခဲ့ပါတယ်။
လက်ရှိမှာတော့ တိုနာလီဟာ နယူးကာဆယ်နဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်လည်း ရှိနေတာပါ။ ဒါကြောင့် နယူးကာဆယ်ဘက်က သူ့အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ပေါင်သန်း ၁၀၀ ဝန်းကျင်အထိ အလိုရှိနေပါတယ်။
နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက ကစားသမားသစ် ခေါ်ယူနိုင်ခြင်း မရှိခဲ့သလို အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ အခြေအနေဟာ တိုနာလီလို ကြယ်ပွင့်ကစားသမားမျိုး အသင်းကနေ ထွက်ခွာသွားမှာကိုလည်း စိုးရိမ်နေရတာဖြစ်ပါတယ်။