ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ပင်နယ်တီသမိုင်းတစ်လျှောက် အကောင်းဆုံးစံချိန်သစ်ကို ရရှိခဲ့တဲ့ ဂျင်မီနက်ဇ်
ဖူလ်ဟမ်တိုက်စစ်မှူး ရာအူးလ် ဂျင်မီနက်ဇ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ချက်စတာ ယူနိုက်တက်ကို ၃ ဂိုး - ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် စံချိန်သစ်တစ်ခုကိုလည်း တင်ရှိသွားခဲ့ပါတယ်။
ဂျင်မီနက်ဇ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပင်နယ်တီ ၁၂ ကြိမ် ဆက်တိုက် အမှားအယွင်းမရှိ ကန်သွင်းအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစံချိန်ဟာ မန်စီးတီ ကွင်းလယ်လူဟောင်း ယာယာတိုရေး တင်ရှိထားတဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ပင်နယ်တီစံချိန် ဖြစ်လာခဲ့တာပါ။
ဘင်ဖီကာ တိုက်စစ်မှူးဟောင်းရဲ့ အခုလို ပင်နယ်တီ အောင်မြင်မှုမှတ်တမ်းဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ဝုလ်ဗ်အသင်းမှာ ကစားနေစဉ် တော်တင်ဟမ်ကို ၃ ဂိုး - ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကနေ စတင်ခဲ့တာ ဖြစ်တယ်လို့ ဂလိုရီယိုဆို ၁၉၀၄ သတင်းဌာနက ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ဂျင်မီနက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ ပင်နယ်တီ တစ်ကြိမ်မှ မလွဲဘဲ ဂိုးအများဆုံး သွင်းယူနိုင်သူအဖြစ် ရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ် သမိုင်းမှာ ပင်နယ်တီကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်အောင် ကန်သွင်းနိုင်သူတွေအဖြစ် ဂျင်မီနက်ဇ်နဲ့ ယာယာ တိုရေးတို့ နှစ်ဦးသာ ဆယ်ဂဏန်းအထက် စံချိန်တင်ထားနိုင်တာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးရဲ့ နောက်မှာတော့ ၉ ကြိမ် ကန်သွင်း ၉ ကြိမ်စလုံး ဂိုးဝင်ခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ် ရှိနေပါတယ်။
အခြား နာမည်ကျော် ပင်နယ်တီ ကန်သွင်းသူတွေ ဖြစ်တဲ့ ချယ်လ်ဆီးကြယ်ပွင့် ကိုးလ် ပါးလ်မားကတော့ ၁၂ ကြိမ် ဆက်တိုက် ဂိုးဝင်ခဲ့ပေမဲ့ ၁၃ ကြိမ်မြောက်မှာတော့ လွဲချော်ခဲ့ပါတယ်။ ဆောက်သမ်တန်ကွင်းလယ်လူဟောင်း မတ်လီတစ်ဆီယာကတော့ ၂၆ ကြိမ် ကန်သွင်းရာမှာ ၂၅ ကြိမ်အထိ ဂိုးဝင်အောင် စွမ်းဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။
ဂျင်မီနက်ဇ်ဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံးမှာ ပင်နယ်တီ ၄၅ ကြိမ် ကန်သွင်းခဲ့ရာမှာ ၂ ကြိမ်သာ လွဲချော်ခဲ့ဖူးတာပါ။ အဆိုပါ လွဲချော်မှုတွေဟာ ပရီးမီးယားလိဂ်ပြင်ပမှာ ဖြစ်ပြီး ၂၀၂၀ ယူရိုပါလိဂ်မှာ ဝုလ်ဗ်အတွက် တစ်ကြိမ်နဲ့ ၂၀၁၈ ခုနှစ်မှာ မက္ကဆီကို လက်ရွေးစင်အသင်းအတွက် တစ်ကြိမ် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်ကြယ်ပွင့်ဟာ ဘင်ဖီကာ အသင်းမှာ ကစားစဉ်ကတော့ ပင်နယ်တီ တစ်ကြိမ်မှ မလွဲခဲ့ဖူးပါဘူး။
လက်ရှိမှာတော့ ဂျင်မီနက်ဇ်ဟာ ဖူလ်ဟမ်မှာ သုံးရာသီမြောက်အဖြစ် ကစားနေတာ ဖြစ်ပါတယ်။ ကစားသမားဟာ လက်ရှိ ၂၀၂၅-၂၆ ရာသီမှာ ဖူလ်ဟမ်အတွက် ၂၈ ပွဲ ကစားပေးထားပြီး မိနစ်ပေါင်း ၁,၉၃၂ မိနစ်အတွင်း ၇ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးထားပါတယ်။ မက္ကဆီကို လက်ရွေးစင် တိုက်စစ်မှူး ဂျင်မီနက်ဇ်ကို သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဘင်ဖီကာသို့ ပြန်လာဖို့ ရှိမရှိ မေးမြန်းမှုတွေလည်း ရှိနေပါတယ်။