ဒဏ်ရာပြဿနာတွေကြောင့် ဟားလ်စီးတီးနဲ့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ရတဲ့ ယူနိုက်တက်နောက်ခံလူဟောင်း ဘရန်ဒန် ဝီလျံ
မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ဘရန်ဒန် ဝီလျံဟာ အသင်းသစ် ဟားလ်စီးတီးနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီး အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နောက်ခံလူဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဟားလ်စီးတီးကို ပြောင်းရွှေ့ခဲ့တာဖြစ်ပေမဲ့ ယခုတစ်ပတ်မှာတော့ အသင်းကနေ ထွက်ခွာခဲ့ပြီး အလွတ်အေးဂျင့်တစ်ဦး ပြန်လည်ဖြစ်လာခဲ့တာပါ။
ဝီလျံဟာ ချန်ပီယံရှစ်လိဂ်မှာ ဟားလ်စီးတီးအတွက် ဩဂုတ်လအတွင်းက ဘလက်ဘန်းရိုဗာကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ၅ မိနစ်ခန့် လူစားဝင်ကစားခွင့်ရခဲ့တာကလွဲလို့ ကျန်တဲ့ပွဲစဉ်တွေမှာ ပါဝင်ခွင့် မရခဲ့ပါဘူး။
ဒါဟာ သူရင်ဆိုင်နေရတဲ့ ခြေသလုံးကြွက်သား ဒဏ်ရာပြဿနာကြောင့်ဖြစ်ပြီး ပရီးမီးယားလိဂ်ကို တက်လှမ်းနိုင်ဖို့ ကြိုးစားနေတဲ့ ဟားလ်စီးတီးရဲ့ လူစာရင်းမှာ ပါဝင်ကစားနိုင်လောက်တဲ့ ကြံ့ခိုင်မှုမျိုး မရရှိခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။
ဟားလ်စီးတီးအသင်းကတော့ "နောက်ခံလူ ဘရန်ဒန် ဝီလျံဟာ အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီဖြစ်ကြောင်း အတည်ပြုပါတယ်။ အမ်ကေအမ် အားကစားကွင်းမှာ ရှိနေစဉ်အတွင်း သူရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ကျေးဇူးတင်ရှိပြီး အနာဂတ်မှာ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်" လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဘရန်ဒန် ဝီလျံဟာ ယာဉ်မတော်တဆမှုကြောင့် ထောင်ဒဏ်ဆိုင်းငံ့ ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် ၂၀၂၄ ခုနှစ် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးကာ လမ်းခွဲခဲ့သူလည်း ဖြစ်ပါတယ်။
သတင်းရင်းမြစ်အချို့ရဲ့ ဖော်ပြချက်အရ ဝီလျံဟာ အင်္ဂလန်မှာဘောလုံးကစားရတာကို စိတ်ကုန်နေပြီး ပြည်ပကလပ်တစ်ခုဆီ ပြောင်းရွှေ့ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းသွားပြီဖြစ်တာကြောင့် သူဟာ အသင်းသစ်ရှာဖွေဖို့အတွက် လာမယ့်နွေရာသီအထိ စောင့်ဆိုင်းသွားရဖွယ်ရှိနေပါတယ်။