The network connection is lost.

Banner Image

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမယ့်အရေးကနေ ကာကွယ်ဖို့ ဟယ်ရီဝီလ်ဆင်ကို စာချုပ်သစ်ချုပ်ဆိုရန် ဖူလ်ဟမ် စတင်ကြိုးပမ်း

ဖူလ်ဟမ်အသင်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း အခြားထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ်ရရှိခဲ့တဲ့ တောင်ပံကစားသမား ဟယ်ရီဝီလ်ဆင်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ဒီတစ်ပတ်အတွင်းမှာပဲ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝီလ်ဆင်ကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့အပတ်ကပဲ အဲဗာတန်အသင်းက ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမဲ့ ဖူလ်ဟမ်ဘက်ကတော့ ဝီလ်ဆင်ကို ရာသီကုန်အထိ အသင်းမှာ မဖြစ်မနေထားရှိလိုတာကြောင့် အဆိုပါကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။

ဟယ်ရီဝီလ်ဆင်ဟာ လက်ရှိရာသီကုန်မှာ ဖူလ်ဟမ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အနောက်လန်ဒန်ကနေ သူ့ကိုခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်အသင်း အတော်များများက ပြီးခဲ့တဲ့လအတွင်းမှာ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြတာပါ။

လိဒ်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီကာလကတည်းက ဝီလ်ဆင်ကို ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့တာဖြစ်သလို အခုအခါမှာတော့ အဲဗာတန်ရဲ့ ကမ်းလှမ်းမှုကြောင့် ဖူလ်ဟမ်အသင်းအနေနဲ့ စာချုပ်သစ်ကိစ္စကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့သိရပါတယ်။

ဝီလ်ဆင်ဟာ ဖူလ်ဟမ်အသင်းအတွက် ပွဲပေါင်း ၁၇၃ ပွဲ ကစားပေးထားပြီး ၃၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၄၃ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်သူဖြစ်ပါတယ်။ ဒီလိုအရည်အသွေးမြင့်မားတဲ့ ကစားသမားတစ်ဦးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးလိုက်ရမှာက အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်လာနိုင်ပါတယ်။

အသင်းနည်းပြဖြစ်သူ မာကိုဆေးလ်ဗားကတော့ ဝီလ်ဆင်နဲ့ သဘောတူညီမှု အမြန်ဆုံးရရှိလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဝီလ်ဆင်ဟာ ၂၀၂၁ ခုနှစ်က လီဗာပူးကနေ မာကိုဆေးလ်ဗား ဖူလ်ဟမ်အသင်းကို စတင်ရောက်ရှိလာချိန်မှာ ပထမဆုံးခေါ်ယူခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

အသင်းမှာ ၅ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ဝီလ်ဆင်အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေလိုတဲ့ ဆန္ဒရှိနိုင်ပေမဲ့ ဖူလ်ဟမ်ကတော့ သူ့ကို ရာသီကုန်မှာ အလကားလက်လွှတ်ရမှာကို လုံးဝအဖြစ်မခံနိုင်ဘဲ တားဆီးလိုနေတာပါ။

ဖူလ်ဟမ်ဟာ အခုရာသီအတွင်းမှာ ရိုဒရီဂိုမူနစ်ဇ်၊ ကန်နီတီတေး၊ တွမ်ကေရ်နေးနဲ့ ဂျော့ရှ်ကင်းတို့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခုအခါ ဝီလ်ဆင်နဲ့ ဆွေးနွေးမှုတွေသာ အဆင်ပြေခဲ့မယ်ဆိုရင် သူဟာ ကာလတိုစာချုပ်နဲ့ဖြစ်စေ အသင်းမှာ ဆက်ရှိမယ့် နောက်ထပ်ကစားသမားတစ်ဦး ဖြစ်လာတော့မှာ ဖြစ်ပါတယ်။