ကစားသမားဟောင်းတွေရဲ့ ဝေဖန်ချက်တွေက သူ့အပေါ်သက်ရောက်မှုရှိမှာမဟုတ်ကြောင်း ကာရစ်တုံ့ပြန်
မန်ချက်စတာယူနိုက်တက်ယာယီနည်းပြသစ် မိုက်ကယ်ကာရစ်က ကစားသမားဟောင်းတွေရဲ့ဝေဖန်ချက်တွေကသူ့အပေါ်မှာ သက်ရောက်မှုရှိမှာမဟုတ်ကြောင်း ကလပ်ဂန္ထဝင်ဟောင်း ရွိုင်ကိန်းရဲ့ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
ကိန်းဟာ ယခုတစ်ပတ်အတွင်း ယူနိုက်တက်ကို ကာရစ်ရဲ့ဇနီးက ကိုင်တွယ်နေတာဖြစ်တယ်လို့ ခနဲ့ခဲ့ပြီး အဆိုပါ ပြောဆိုမှုကို ကာရစ်အနေနဲ့ တုံ့ပြန်မှုပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်ခန့် ၂၀၁၄ ခုနှစ်အတွင်း ယူနိုက်တက် အိုလံပီယာကော့စ်ကို ၂-၀ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ရွိုင်ကိန်းက ကာရစ်ရဲ့အင်တာဗျူးကိုကြည့်ပြီး "အင်တာဗျူးက ကွင်းထဲကခြေစွမ်းအတိုင်း ပျော့ဖတ်နေတာပဲ၊ ဒီထက်ပို ပြတ်ပြတ်သားသားပြောသင့်တယ်"လို့ဝေဖန်ခဲ့ဖူးပါတယ်။
ထိုစဉ်က ကာရစ်ဟာ ကိန်းကို တစ်စုံတစ်ရာမတုံ့ပြန်ခဲ့ပေမယ့် ကာရစ်ရဲ့ဇနီးဖြစ်သူ လီဆာကတော့ "ရွိုင်ကိန်းက သူများတွေရဲ့အာရုံစိုက်မှုကိုရမယ်ဆို ဘာမဆိုလျှောက်ပြောမယ့်သူပါ" လို့ သူ့ခင်ပွန်းဘက်မှ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
လာမယ့်စနေနေ့ မန်ချက်စတာစီးတီးနဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီမှာ ကိန်းရဲ့ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ကာရစ်က "ရိုးရိုးသားသားပြောရရင် ကျွန်တော် ဘာမှမဖြစ်ပါဘူး။ သူတို့ပြောတာတွေက ကျွန်တော့်အပေါ် ဖိအားပိုဖြစ်မလာပါဘူး။ ဒါဟာ ဒီအလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲလို့ ကျွန်တော် နားလည်ပါတယ်။ အမြင်အမျိုးမျိုး ရှိကြမှာပါပဲ၊ တချို့က အကောင်းမြင်ကြသလို တချို့ကတော့ အဲဒီလောက် မဟုတ်ကြဘူးပေါ့"
"ကျွန်တော့်ရဲ့ အလုပ်လုပ်ပုံနဲ့ ဘာကိုအာရုံစိုက်မလဲဆိုတဲ့ အပိုင်းမှာတော့ ဒါတွေက လုံးဝကို မသက်ဆိုင် အကျိုးသက်ရောက်မှုမရှိတဲ့အရာတွေပါ။ ကျွန်တော်တို့ ဘာတွေတိုးတက်အောင် လုပ်ရမလဲ၊ ကစားသမားတွေနဲ့ ဘယ်လိုလက်တွဲမလဲဆိုတာ ကျွန်တော် သိပြီးသားပါ။ အမြင်တွေ၊ ပြောဆိုချက်တွေကတော့ အများကြီးရှိနေမှာပါပဲ။ ဒါဟာ လောကသဘာဝမို့လို့ ကျွန်တော် အဲဒါတွေကို သိပ်ပြီး အာရုံစိုက်နေမှာ မဟုတ်ပါဘူး"
"ကျွန်တော်၊ ကစားသမားတွေနဲ့ ဝန်ထမ်းတွေရဲ့ တာဝန်က အသင်းအောင်မြင်ဖို့အတွက်ပဲ အာရုံစိုက်ဖို့ပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပြီး ဒီကလပ်အတွက် အကောင်းဆုံး လုပ်ဆောင်ပေးဖို့ပဲ စဉ်းစားထားပါတယ်" လို့ပြောကြားခဲ့တာဖြစ်ပါတယ်။