ကတ်စ်မဲရိုး ယူနိုက်တက်ကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့တဲ့နေ့က တကယ်ကို ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ လို့ မာဇရာဝီဖွင့်ဟ
ကတ်စ်မဲရိုး အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ချိန်မှာ သူနဲ့ သူ့ရဲ့အသင်းဖော်တွေ ဘယ်လိုခံစားခဲ့ရသလဲဆိုတာကို နူစာယာ မာဇရာဝီက ထုတ်ဖော်ပြောပြလာပါတယ်။
ဘရာဇီးလ်လက်ရွေးစင်ကစားသမားဟာ အခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း ဇန်နဝါရီလကုန်ပိုင်းက ပရိသတ်တွေဆီကို စိတ်လှုပ်ရှားဖွယ် သတင်းစကားနဲ့အတူ ကြေညာခဲ့တာပါ။ အဲဒီအချိန်မှာ ကတ်စ်မဲရိုးက အသင်းဖော်တွေကို စိတ်ဓာတ်မြှင့်တင်ပေးခဲ့သလို၊ အဲဒီနောက်ပိုင်းကစပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးပမ်းနေတဲ့ ယူနိုက်တက်အသင်းဟာ အဆင့် (၄) အတွင်းကိုလည်း တက်လှမ်းနိုင်ခဲ့ပါတယ်။
"ဒါဟာ နှုတ်ဆက်ရမယ့်အချိန် မဟုတ်သေးပါဘူး၊ လာမယ့် လေးလတာအတွင်းမှာ ဖန်တီးရမယ့် အမှတ်တရတွေ အများကြီး ကျန်ပါသေးတယ်။ ကျွန်တော်တို့ အတူတူ တိုက်ပွဲဝင်ရမှာတွေ အများကြီးရှိနေပါသေးတယ်၊ ကျွန်တော့်ရဲ့ အာရုံစိုက်မှုအားလုံးက အရင်အတိုင်းပဲ အသင်းအောင်မြင်ဖို့အတွက် အစွမ်းကုန် ပေးဆပ်သွားဖို့ပဲ ဖြစ်ပါတယ်" လို့ ကတ်စ်မဲရိုးက ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အသင်းရဲ့ အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် ကတ်စ်မဲရိုးဟာ သရဲနီတွေအတွက် ပွဲပေါင်း ၁၅၀ ကျော် ကစားပေးခဲ့ပြီး၊ သူထွက်ခွာသွားတာဟာ အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်လိမ့်မယ်လို့ မာဇရာဝီက ဝန်ခံခဲ့ပါတယ်။
“အဲဒီကြေညာချက်ကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော်ခံစားလိုက်ရတာက... တကယ့်ကို ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ။ သူက အတွေ့အကြုံတွေ အများကြီး သယ်ဆောင်လာပေးသူပါ။ ဘယ်လိုအနိုင်ယူရမလဲဆိုတာကိုလည်း သူ ကောင်းကောင်းသိပါတယ်။ အောင်မြင်မှုဆီ ဘယ်လိုသွားရမလဲဆိုတာကိုလည်း သူကိုယ်တိုင် လုပ်ပြခဲ့ပြီးပြီ၊ ဖြတ်သန်းခဲ့ပြီးပြီမို့လို့ သူသိနေတာပါ။ ဒါကြောင့် ကွင်းထဲမှာရော၊ ကွင်းပြင်ပမှာပါ သူ့ကို ကျွန်တော်တို့ အများကြီး သတိရနေတော့မှာပါ” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ကတ်စ်မဲရိုးဟာ ၂၀၂၂ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကနေ ပေါင် သန်း ၇၀ နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အခုအခါမှာတော့ သူ့ကို မေဂျာလိဂ် နဲ့ ဆော်ဒီပရိုလိဂ်တို့က စိတ်ဝင်စားနေကြပါတယ်။ မန်ယူအသင်းကတော့ သူ့နေရာမှာ အစားထိုးဖို့အတွက် အဒမ် ဝှာတန်၊ ကားလို့စ် ဘာလီဘာ နဲ့ အဲလီးယတ် အန်ဒါဆန် တို့လို ကစားသမားတွေကို စောင့်ကြည့်နေပါတယ်။