The network connection is lost.

Banner Image

ဆုဖလားတွေရယူဖို့က အာဆင်နယ်ရဲ့ရည်မှန်းချက်ဖြစ်တယ်လို့ အာတီတာဆို

အာဆင်နယ်နည်းပြ မီကယ်အာတီတာက ဒီနှစ်ရာသီအတွက် အသင်းရဲ့ ရည်မှန်းချက်တွေကို ပြတ်ပြတ်သားသားပဲ ပြောကြားလိုက်ပါတယ်။ 
ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့က ကလပ်ရဲ့ အခြေခံကျတဲ့ "ရည်ရွယ်ချက်" ဖြစ်ပြီး သူ့ရဲ့ နည်းပြသက်တမ်းကိုလည်း ဒီဆုဖလားတွေ ရရှိမှုအပေါ်မှာပဲ တိုင်းတာ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 
လက်ရှိမှာ အာဆင်နယ်က ပရီးမီးယားလိဂ်ဇယားထိပ်မှာ ၆ မှတ်အသာနဲ့ ဦးဆောင်နေသလို ချန်ပီယံလိဂ်အုပ်စုအဆင့်မှာလည်း ၆ ပွဲစလုံး အနိုင်ရထားတဲ့ တစ်သင်းတည်းသော အသင်းလည်း ဖြစ်နေပါတယ်။ 
Fratton Park မှာ ကစားမယ့် ပို့စ်မောက်နဲ့ အက်ဖ်အေဖလားပွဲပြီးရင်တော့ ဗုဒ္ဓဟူးနေ့မှာ ချဲလ်ဆီး နဲ့ ကာရာဘောင်ဖလားဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်ကို ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်လို့ အာဆင်နယ်အတွက်တော့ တကယ့်ကို ပွဲကျပ်တဲ့ အချိန်ဇယားကြီး ဖြစ်နေပါတယ်။
အာတီတာက"ကျွန်တော်တို့ အက်ဖ်အေဖလားကိုရော တခြား အရေးကြီးတဲ့ ဆုဖလားကြီးတွေ အားလုံးကိုပါ သေချာပေါက် ရယူချင်တာပါ။ ဒါဟာ ကျွန်တော်တို့ လိုက်လံ ကြိုးစားနေတဲ့ အရာဖြစ်သလို ဒီအသင်းရဲ့ ရည်ရွယ်ချက်လည်း ဖြစ်ပါတယ်။ ရာသီကုန်မှာ ကျွန်တော်တို့ ဘာတွေ လုပ်ပြနိုင်ခဲ့လဲ ဆိုတာအပေါ်မှာပဲ အဆုံးအဖြတ် ခံယူသွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။ 
အာတီတာကက ဒူးခွဲစိတ်မှုကြောင့် ရာသီအစကတည်းက အနားယူနေရတဲ့ ကွင်းလယ်လူ ကိုင်ဟာဗက်ဇ်ပြန်လာတော့မှာ ဖြစ်တဲ့အတွက် အသင်းအတွက် အချိန်ကိုက် အားဆေးတစ်ခွက် ဖြစ်စေမယ်လို့ အတည်ပြုခဲ့ပါတယ်။ 
ဒီလထဲမှာ ကစားရမယ့် ပွဲစဉ် ၉ ပွဲထဲက တတိယမြောက် ပွဲစဉ်ဖြစ်တဲ့ ပို့စ်မောက်နဲ့ ပွဲမှာ လူစာရင်း အပြောင်းအလဲတချို့ လုပ်သွားမယ်လို့ အာတီတာက အရိပ်အမြွက် ပြောခဲ့ပေမဲ့ ဘယ်ကစားသမားပဲ ပါဝင်ပါစေ "အကောင်းဆုံး စွမ်းဆောင်ရည်" ပြသဖို့ လိုအပ်တယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။