ဆီမန်ညိုမှာ မန်စီးတီးအတွက် လိုအပ်နေတဲ့အရာ ရှိတယ်လို့ အတိအကျပြောလိုက်တဲ့ ပက်လင်ဒါစ်
အိတ်စ်တာကို ၁၀-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပွဲစဉ်အတွင်း ကလပ်အသင်းသစ်ကစားသမားဘဝအဖွင့်ပွဲစဉ်မှာတင် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဆီမန်ညိုမှာ မန်စီးတီးအတွက် အလွန်အမင်းလိုအပ်နေတဲ့အရာ ရှိနေတယ်လို့ လက်ထောက်နည်းပြပက်လင်ဒါစ်ရဲ့အဆိုအရ သိရပါတယ်။
မန်စီးတီးက ယမန်နေ့(စနေနေ့)၊ အီတီဟတ်ကွင်းမှာ လိဂ်ဝမ်းကလပ်အသင်းကို အနိုင်ယူခြင်းဖြင့် ခေတ်သစ်ဘောလုံးလောကရဲ့အကြီးမားဆုံးအောင်ပွဲကို လိုက်မီသွားပါတယ်။
ဒီပွဲစဉ်မှာ ဘုန်းမောက်မှ ပေါင် ၆၄ သန်းဖြင့် ရောက်ရှိလာတဲ့ ဆီမန်ညိုက သွင်းဂိုးတစ်ဂိုး၊ ဂိုးဖန်တီးမှုတစ်ကြိမ် စွမ်းဆောင်ပြီး ပက်ဂွါဒီယိုလာပွဲပယ်ခံထားရချိန် ကွင်းဘေးစည်းမှာတာဝန်ယူနေတဲ့ ပက်လင်ဒါစ်ကို အထင်ကြီးစေခဲ့ပါတယ်။
လင်ဒါစ်က “ ဒီနေ့မှာ တစ်ဦးချင်းစွမ်းဆောင်ရည်ပိုင်းမှာရော၊ အသင်းလိုက်စွမ်းဆောင်ရည်ပိုင်းမှာပါ ကောင်းမွန်မှုတွေ အများကြီးရှိခဲ့တယ်လို့ ထင်ပါတယ်။
အသင်းက အခုလိုကစားနေချိန် တစ်ဦးချင်းကစားပုံအတွက် ပိုမိုလွယ်ကူလာစေတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဆီမန်ညိုလည်း ကောင်းကောင်းအသားကျနေပါပြီ။ သူက နှိမ့်ချတတ်တဲ့ကောင်လေးတစ်ဦးဖြစ်ပြီး သူ့ကို ကျွန်တော်တို့ ကာလရှည်စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ သူက ကျွန်တော်တို့အသင်းတိုက်စစ်ပိုင်းအတွက် တကယ်လိုအပ်နေတဲ့အရာ၊ မရှိမဖြစ်လိုချင်နေတဲ့အရာကို ယူဆောင်လာပေးပါတယ်။
သူက တိုက်စစ်ကို မြန်မြန်ဆန်ဆန်စတင်ချင်သလို တစ်ဦးချင်းရင်ဆိုင်မှုတွေအတွက်လည်း ဝန်မလေးပါဘူး။ ဒီနေ့မှာဆိုရင်လည်း ကျွန်တော်တို့ရဲ့ကစားဟန်ဆီ ဆီမန်ညိုကိုယ်တိုင် အလျှင်အမြန်အသားကျလာအောင် လုပ်ဆောင်နိုင်စွမ်းရှိတယ်ဆိုတာ အားလုံးမြင်တွေ့ကြမယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
မန်စီးတီးအတွက် နောက်ဆုံးသုံးပွဲဆက်သရေလဒ်နဲ့အတူ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နဲ့ ခြောက်မှတ်ကွာဟသွားပြီးနောက် နိုင်ပွဲလမ်းကြောင်းဆီ ပြန်ရောက်ရှိလာခြင်း ဖြစ်ပါတယ်။
ပက်ဂွါဒီယိုလာကလည်း အိတ်စ်တာနဲ့ရင်ဆိုင်ရချိန် ဟာလန်း၊ ရိုဒရီ၊ ချာကီနဲ့ အကီတို့ကို ပွဲထွက်စေခြင်းဖြင့် အင်အားတောင့်တင်းတဲ့လူစာရင်းတစ်ခုကို ရွေးချယ်ခဲ့ပါတယ်။
ပထမပိုင်းပွဲချိန်အပြီး ၄-၀ ဂိုးဖြင့် အနိုင်ရရှိထားချိန် မန်စီးတီးက ဟာလန်း၊ ရိုဒရီ၊ အကီတို့ကို လူစားလဲအနားပေးခဲ့ပြီး လာမယ့်အင်္ဂါနေ့၊ နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလားဆီမီးဖိုင်နယ် (ပထမအကျော့)ဆီ အာရုံစိုက်ခဲ့ပါတယ်။
လင်ဒါစ်က “ ပွဲစတင်လာတာနဲ့ ကျွန်တော်တို့အသင်းက ပြိုင်ဘက်အပေါ်လိုက်လံတားဆီးတဲ့ပုံစံနဲ့အတူ အမြင့်မားဆုံးဖိအားပေးကစားဟန်ကို ပြသခဲ့ပါတယ်။ ဘောလုံးပြန်ရအောင် မြန်မြန်ဆန်ဆန်ကစားခဲ့ကြလို့ ဒီအချက်ကိုတော့ လေးစားမိပါတယ်။
ပရိသတ်တွေအတွက်၊ ဒီပတ်ဝန်းကျင်မှာရှိနေသူတိုင်းအတွက် သွင်းဂိုးအရေအတွက်ကို သတိပြုမိလိမ့်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ၄-၀ ဂိုး၊ ၅-၀ ဂိုး ဖြစ်သွားချိန်အထိ ကျွန်တော်တို့ဆက်လက်ကြိုးစားကစားခဲ့ပြီး ခြုံပြောရရင် မန်စီးတီးအတွက် အမှန်တကယ်ကောင်းမွန်တဲ့နေ့ရက်တစ်ခု ဖြစ်လာခဲ့ပါတယ်”လို့ ဆိုပါတယ်။