နွေရာသီမှာ ခေါ်ယူထားတဲ့ အီဇီနဲ့ မာဒူကီတို့ ကစားချိန်နည်းခြင်းအပေါ် အာဆင်နယ်နည်းပြ အာတီတာခုခံပြောဆို
အာဆင်နယ်နည်းပြ မီခယ်လ်အာတီတာက နွေရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေဖြစ်တဲ့ အီဘရီချီအီဇီ နဲ့ နိုနီ မာဒူကီတို့ကို အသုံးပြုမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် ခုခံကာကွယ် ပြောဆိုလိုက်ပါတယ်။
ဒီကစားသမားနှစ်ယောက်စလုံးဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ဖို့ ရည်မှန်းထားကြသူတွေ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ အီဇီကို ခရစ္စတယ်ပဲလေ့စ်ကနေ ပေါင် ၆၇.၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး မာဒူကီကိုတော့ ချဲလ်ဆီးကနေ ပေါင် သန်း ၅၀ ဝန်းကျင်နဲ့ ခေါ်ယူခဲ့တာပါ။
အခုလောလောဆယ်မှာတော့ သူတို့အတွက် အဓိက စိန်ခေါ်မှုက အာဆင်နယ်ရဲ့ ပွဲထွက်လူစာရင်းမှာ နေရာရဖို့ ဖြစ်နေပါတယ်။
အီဇီဟာ နောက်ဆုံး ပရီးမီးယားလိဂ် (၃) ပွဲမှာ တစ်မိနစ်မှ ကစားခွင့်မရခဲ့သလို၊ မာဒူကီကလည်း ဒဏ်ရာပြဿနာတွေကြောင့် စက်တင်ဘာလနောက်ပိုင်း လိဂ်ပွဲတစ်ပွဲမှာပဲ ပွဲထွက်ခွင့် ရပါသေးတယ်။
ဒါပေမဲ့ အာတီတာကတော့ အီဇီဟာ ဒီရာသီအစပိုင်းမှာ ပွဲတွေ အများကြီး ကစားခဲ့ရတယ်လို့ ထောက်ပြထားပါတယ်။
အာတီတာက "ကျွန်တော် ကစားသမားတိုင်းနဲ့ စကားပြောပါတယ်။ ကစားသမားတွေကလည်း နည်းပြကို နားလည်ဖို့ လိုသလို နည်းပြကလည်း သူတို့ရဲ့ စိတ်ခံစားချက်ကို နားလည်ပေးဖို့ လိုပါတယ်။ အီဇီဆိုရင် အရင်ကထက်တောင် ပွဲပိုကစားထားရပါသေးတယ်။ (၂၈) ပွဲမှာ (၂၂) ပွဲလောက် ပါဝင်ထားတာမို့လို့ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။
လက်ရှိမှာ မာတင်အိုဒီဂတ် နဲ့ လီအန်ဒရိုထရိုဆက်တို့ ခြေစွမ်းပြနေတာကလည်း ဒီလူငယ်လေးတွေ နေရာရဖို့ ခက်ခဲစေတဲ့ အချက်တစ်ချက် ဖြစ်နေပါတယ်။
အီဇီအတွက်တော့ တော့တင်ဟမ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းခဲ့တာကလွဲရင် ကျန်တဲ့ပွဲတွေမှာ စိတ်ပျက်စရာ ဖြစ်ခဲ့ရသလို၊ မာဒူကီရဲ့ခြေစွမ်းတွေကလည်း ဒူးဒဏ်ရာကြောင့် အရှိန်တန့်သွားခဲ့ရတာပါ။
အာတီတာကတော့ သူတို့နှစ်ယောက်စလုံး အဆင်သင့်ဖြစ်နေဖို့ပဲ လိုအပ်ပြီး အခွင့်အရေးရလာတဲ့အခါ တခြားကစားသမားတွေလိုပဲ အစွမ်းပြနိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်ေ
"နိုနီက ဒဏ်ရာရထားလို့ သူ့ရဲ့ အခြေအနေကို စောင့်ကြည့်နေရတာပါ။ အီဇီနဲ့ ပတ်သက်လို့လည်း တချို့အပိုင်းတွေမှာ တိုးတက်ဖို့ လိုနေပါသေးတယ်။ အဓိက ကတော့ သူတို့မှာ ကြိုးစားချင်စိတ် အပြည့်ရှိနေတာပါပဲ။ နေ့တိုင်း လေ့ကျင့်ရေးဆင်းတဲ့ ပုံစံနဲ့ အသင်းအပေါ် အကျိုးပြုချင်တဲ့ သူတို့ရဲ့ စိတ်ဓာတ်က တကယ်ကို ချီးကျူးစရာပါ" လို့ အာတီတာက အားပေးစကား ပြောကြားခဲ့ပါတယ်။