The network connection is lost.

Banner Image

လာဇီယိုနဲ့ ပွဲမတိုင်ခင် အဝတ်လဲခန်းတံခါးကို စောင့်ကန်ခဲ့ရာမှာ ခြေချောင်းကျိုးသွားခဲ့တဲ့ တူချယ်

သောမက်စ်တူချယ်ဟာ ယနေ့နံနက် လာဇီယိုနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ဘိုင်ယန်မြူးနစ်အသင်းသားတွေကို ပွဲကြိုစကားပြောရင်း ခြေချောင်းကျိုးသွားခဲ့တယ်လို့ သိရပါတယ်။ ဂျာမန်သားဟာ ယခုနှစ်ရာသီအတွင်း မတည်ငြိမ်တဲ့ ရလဒ်တွေကြောင့် ရာသီကုန်မှာ ဘိုင်ယန်နဲ့ လမ်းခွဲမယ်လို့ အတည်ပြုထားခဲ့ပါတယ်။
 
ပထမအကျော့က အီတလီမြေမှာ ၁-၀ဂိုးနဲ့ ရှုံးခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်ဟာ အိမ်ကွင်းမှာ မဖြစ်မနေ ဂိုးပြတ်နိုင်ဖို့ လိုအပ်လာခဲ့ပါတယ်။ ဒါပေမယ့် ဟယ်ရီကိန်းရဲ့သွင်းဂိုးတွေနဲ့အတူ ဘိုင်ယန်မြူးနစ်တို့ ၃ဂိုးပြတ် အနိုင်ရကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
 
ခြေချောင်းကျိုးဒဏ်ရာနဲ့ပတ်သက်ပြီး တူချယ်က "အဲ့ဒါက နာကျင်ရပါတယ်။ ကျွန်တော်တို့ ပွဲအတွင်းကို မဝင်ခင် နောက်ဆုံးစကားပြောတဲ့အချိန်မှာ ဖြစ်သွားတာပါ။ ကျွန်တော် အဝတ်လဲခန်းတံခါးကို စောင့်ကန်လိုက်တဲ့အချိန် ချော်ထိသွားတာပါ။ ကျွန်တော့်ခြေချောင်းကျိုးသွားတယ်လို့ ခံစားရပါတယ်"လို့ ပြောခဲ့ပါတယ်။
 
အင်တာဗျူးနောက်တစ်ခုမှာ တူချယ်က "ကျွန်တော် အသင်းအတွက် စိတ်အားတက်ကြွစရာ စကားတွေပြောရင်း အဝတ်လဲခန်းထဲက သေတ္တာတစ်လုံးကို ကန်လိုက်တာပါ။ အဲ့ဒီမှာ ကျွန်တော့်ခြေမကြီး နာကျင်လာပါတယ်။ ကျွန်တော့်ရှူးဖိနပ်ကို ချွတ်နိုင်မယ်လို့ မထင်ပါဘူး။ အသင်းကတော့ မိနစ်၉၀နီးပါး ကျွန်တော် ဘာလို့ထိုင်နေတာလဲလို့ တွေးနေကြပါလိမ့်မယ်"လို့ ဆိုပါတယ်။
 
ဘိုင်ယန်CEO ဒရက်ဆန်က "တူချယ်က ပွဲမတိုင်ခင် စကားပြောတဲ့အချိန်မှာ ခြေချောင်းကျိုးသွားပါတယ်။ သောမက်စ်က စိတ်အားတက်ကြွစွာ အမြဲရှိနေတတ်သူတစ်ဦးပါ"လို့ ပြောခဲ့ပါတယ်။ တူချယ်ဟာ ပွဲအပြီး ကွင်းထဲကနေ ပြန်ထွက်လာချိန် မီဒီယာတွေနဲ့တွေ့ဆုံမယ့်အခန်းကို လှေခါးတွေကတစ်ဆင့် တက်လာရာမှာလည်း ထော့နင်းထော့နင်းဖြစ်နေခဲ့ပါတယ်။