The network connection is lost.

Banner Image

ဆိုရှယ်မီဒီယာမှာ ဖာနန်ဒက်စ်အပေါ် ဝေဖန်မှုတွေကို ကာကွယ်ပြောဆိုလာတဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ဆိုရှယ်မီဒီယာကနေတစ်ဆင့် ဝေဖန်မှုတွေခံနေရတဲ့ အသင်းရဲ့ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပြီး ကစားသမားဟာ ဒဏ်ရာပြဿနာ ရှိနေလျက်နဲ့ပင် အသင်းအတွက် ပါဝင်ပေးနေတာဖြစ်တယ်လို့ ထောက်ပြလာခဲ့ပါတယ်။
 
ဖာနန်ဒက်စ်ဟာ ဒဏ်ရာပြဿနာကြောင့် ယနေ့နံနက်က နော်တင်ဟမ်ဖောရက်စ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်ကိုလွဲချော်နိုင်တယ်လို့ သံသယရှိခဲ့သော်လည်း ပါဝင်ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၈၉ မိနစ်မှာ သွင်းယူခဲ့တဲ့ ကတ်စ်မဲရိုးရဲ့အနိုင်ဂိုးကို ဖရီးကစ်မှတစ်ဆင့် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်း အသင်းခေါင်းဆောင်ဟာ ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေကြုံတွေ့နေရတာကြောင့် တန်ဟက်က ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
 
တန်ဟက်က “နော်တင်ဟမ်ဖောရက်စ်က သူ့ကိုပစ်မှတ်ထားပြီး ကစားခဲ့ပါတယ်။ သူ့မှာပြင်းထန်တဲ့ဒဏ်ရာပြဿနာက အစကတည်းက ရှိနေပြီးသားပါ။ ဒါပေမယ့် အခုလို ဆိုရှယ်မီဒီယာကနေတစ်ဆင့် ဝေဖန်ခံနေရတာကတော့ သနားစရာကောင်းပါတယ်။ ဒဏ်ရာပြင်းထန်ပေမယ့် သူက ပြီးခဲ့တဲ့ စနေနေ့က ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ ပါဝင်ခဲ့သလို အခုလည်းပွဲချိန်ပြည့် ကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း တော့တင်ဟမ်နဲ့ ပွဲစဉ်မှာ ဒီလိုမျိုး တူညီတဲ့ပုံစံမျိုးပြုလုပ်ခဲ့ဖူးပါတယ်။ ဒါက သူ့ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကို ပြသနိုင်တာဖြစ်ပြီး အသင်းခေါင်းဆောင်လက်ပတ်နဲ့ ထိုက်တန်တယ်ဆိုတဲ့ သက်သေပါပဲ” လို့ပြောကြားခဲ့ပါတယ်။
 
ဖာနန်ဒက်စ်ဟာ ၂ နှစ်အတွင်း ဒဏ်ရာပြဿနာကြောင့်နဲ့ ယူနိုက်တက်ရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ခြင်းမရှိဘဲ ဒီရာသီ သူလွဲချော်ခဲ့တဲ့ တစ်ပွဲတည်းသော ပွဲစဉ်ဟာ ဒီဇင်ဘာလက လီဗာပူးနဲ့ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး ပွဲပယ်ခံရတာကြောင့် ပါဝင်ဖို့ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။
 
ပေါ်တူဂီသားဟာ ပြီးခဲ့တဲ့ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ ဒဏ်ရာ ရရှိချင်ယောင်ဆောင်ပြီး မြေပြင်ပေါ်မှာ လှဲနေခဲ့တဲ့ ဗီဒီယိုဖိုင်က ဆိုရှယ်မီဒီယာမှာပျံ့နှံ့ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ကြုံတွေ့လာရတာဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးကို အီတီဟတ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ရက်စ်မက်ဟွိုက်လန်းနဲ့ ဟယ်ရီမက်ဂွါရီတို့အပါအဝင် အသင်းရဲ့အဓိက ကစားသမားအချို့က ဒဏ်ရာပြဿနာကြောင့် လွဲချော်သွားမှာဖြစ်ပါတယ်။