
နယူးကာဆယ်အသင်းနဲ့ ပရိသတ်တွေအတွက် ချီးကျူးစကားဆိုလိုက်တဲ့ အန်းစလော့
စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းပွဲကြီးပွဲကောင်းအပြီး အန်းစလော့က နယူးကာဆယ်အသင်းနဲ့ သူတို့ပရိသတ်တွေကို ချီးကျူးစကားဆိုခဲ့ပြီး ကံကောင်းလွန်းလို့ အခုလိုအနိုင်ရခဲ့တာပါလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
ဂေါ်ဒွန်ရဲ့အနီကတ်မတိုင်ခင်နဲ့ အနီကတ်အပြီး ရရှိခဲ့တဲ့ ဂရာဗန်ဘတ်ချ်၊ အီကီတီကီတို့ရဲ့ သွင်းဂိုးတွေကြောင့် ကစားသမား ၁၀ ဦးကျန် နယူးကာဆယ်ကို ပရီးမီးယားလိဂ်ချန်ပီယံတွေ သက်သောင့်သက်သာ အနိုင်ရရှိလိမ့်မယ်လို့ ထင်မြင်ယူဆခဲ့ပါတယ်။
ဒါပေမဲ့ နယူးကာဆယ်က သက်ဝင်လှုပ်ရှားအားကောင်းနေတဲ့ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာ စိတ်ဓါတ်တက်ကြွနေတဲ့ အသင်းခေါင်းဆောင်ဂွီမာယေးစ်ရဲ့ခေါင်းတိုက်ဂိုး၊ လူစားဝင်ကစားသမားအိုဆူလာရဲ့ ပွဲချိန်နှောင်းပိုင်းသွင်းဂိုးတို့နဲ့အတူ သရေတစ်မှတ်ရရှိနိုင်ဖို့ အနီးစပ်ဆုံး ပြန်လာနိုင်ခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာတော့ ဧည့်သည်တွေအတွက် လူစားဝင်ကစားသမား အသက်-၁၆ နှစ်အရွယ်အန်ဂူမိုဟာက အဆုံးအဖြတ်အနိုင်ဂိုးကို သွင်းယူကာ အဖိုးတန်သုံးမှတ်ကို ရယူပေးခဲ့ပါတယ်။
အန်းစလော့က “ အင်္ဂလန်ဆီ ကျွန်တော်ရောက်ရှိလာပြီးနောက် ဒီလိုပွဲစဉ်မျိုးကို အရင်ကတည်းက ကြုံတွေ့ခဲ့ဖူးပါတယ်။ အဲ့ဒါကတော့ ပြီးခဲ့တဲ့ရာသီ၊ အဲဗာတန်နဲ့အဝေးကွင်းပွဲစဉ် ဖြစ်ပါတယ်။ အဲ့ဒီတုန်းကလည်း လုံးဝကိုအကြိတ်အနယ်ရှိခဲ့ပြီး ကိစ္စများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ သူတို့အသင်းအတွက် ပရိသတ်တွေ အင်တိုက်အားတိုက်ရပ်တည်ပေးသလို ကျွန်တော်တို့အသင်းအတွက်လည်း ကျွန်တော်တို့ပရိသတ်တွေက တက်အားသမျှ ကူညီပေးဖို့ ကြိုးစားခဲ့ပါတယ်။
မယုံကြည်နိုင်လောက်စရာ ပတ်ဝန်းကျင်တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် ဒီလိုပတ်ဝန်းကျင်မျိုးမှာ အချိန်အကြာကြီး အင်အားကောင်းကောင်းရပ်တည်ဖို့ဆိုတာက လေးဂိုးပြတ်၊ ငါးဂိုးပြတ်အနိုင်ရရှိမှုထက် ပိုတန်ဖိုးရှိပါတယ်။
ကျွန်တော့်အတွက်ဆိုရင်လည်း ဒီညမှာ နည်းဗျူဟာပိုင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဘောလုံးကစားပုံကောင်းမွန်ဖို့အတွက်ပဲဖြစ်ဖြစ် လုပ်စရာ ဘာမှမရှိတော့ပါဘူး။ တစ်ဖက်နှစ်ဂိုးစီသရေကျသွားချိန် ကျွန်တော်တို့အတွက် အကောင်းဆုံးပွဲချိန်တွေက သူတို့အတွက်လည်း အကောင်းဆုံးပွဲချိန်တွေ ဖြစ်လာပါတယ်။ နယူးကာဆယ်ဆိုရင် ထောင့်ကန်ဘောသုံးလေးကြိမ်၊ လက်ပစ်ဘော ၁၅ ကြိမ်နဲ့ ဖရီးကစ်တွေလည်း အများကြီး ရရှိခဲ့ပါတယ်။ အတော်လေးများပြားလွန်းတယ်လို့ ခံစားမိပါတယ်။
ကျွန်တော်တို့အသင်း အကောင်းဆုံးခုခံနိုင်ဖို့ လိုအပ်ခဲ့ပါတယ်။ သူတို့တွေ ဂိုးသွင်းယူနိုင်ဖို့ အတော်လေးနီးစပ်ခဲ့ပေမယ့် ကျွန်တော်တို့ကလည်း အားကောင်းမောင်းသန်တုံ့ပြန်နိုင်ခဲ့ပါတယ်။နောက်ဆုံးပွဲကစားချိန် လေးငါးမိနစ်လောက်မှာတော့ ကျွန်တော်တို့အတွက် ဘောလုံးပိုင်ဆိုင်မှု ပြန်ရရှိလာပါတယ်။ အမှန်ပါပဲ၊ အခုလိုအခိုက်အတန့်မျိုးမှာ သွင်းဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့တာက အန်ဂိုမိုဟာအတွက်တော့ ထူးရှယ်ပါပဲ။
ဒီခံစားချက်အကြောင်းကိုလည်း ကျွန်တော်တို့ သိပါတယ်။ ပြီးခဲ့တဲ့ရာသီ၊ ဒီကွင်းမှာ ကျွန်တော်တို့က ပွဲချိန် ၈၉ မိနစ်အရောက် ဂိုးပြန်ပေးခဲ့ဖူးလို့ပါ။ အခုတစ်ကြိမ်မှာတော့ ကျွန်တော်တို့ ကံကောင်းသွားပါပြီ။ အခုလိုရလဒ်မျိုး ဖန်တီးနိုင်လို့ ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး အန်းစလော့က ဂေါ်ဒွန်ရဲ့အနီကတ်ပြစ်ဒဏ်ကြောင့် ကစားသမားတစ်ဦး အသာစီးရရှိထားပေမယ့် ဒုတိယပိုင်းပွဲချိန်အတွင်း ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားခြင်းနဲ့ပတ်သက်လို့ သူ့ရဲ့အသင်းကို လုံးဝစိတ်မပျက်မိပါဘူးလို့ ရှင်းပြပြီး စိန့်ဂျိမ်းစ်ပတ်ခ်ကလပ်အသင်းကိုလည်း ချီးကျူးခဲ့ပါတယ်။
သူက “ ဒါက နယူးကာဆယ်အသင်းယူဆောင်လာတဲ့အရာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဂိုးပေါက်ဆီပဲ အကြိမ်တိုင်း ဘောလုံးရောက်လာမယ်ဆိုရင် ဘောလုံးပွဲစဉ်တစ်ခုကို မထိန်းချုပ်နိုင်တော့ပါဘူး။ အဝေးဘောကစားတာနဲ့ ပြစ်ဒဏ်ဘောတွေ အသုံးချတဲ့နေရာမှာ နယူးကာဆယ်က နှစ်မျိုးလုံးကို စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့်ပဲ သူတို့က အသင်းကောင်းတစ်ခု ဖြစ်နေတာပါ။
သူတို့သာ အလိုရှိမယ်ဆိုရင် ခံစစ်တန်းကိုမြှင့်ပြီးကစားနိုင်သလို ဖိအားတွေလည်း အမြင့်ဆုံးအဆင့်အထိ ပေးနိုင်ပါတယ်။ သူတို့ဆီမှာ အရည်အသွေးမြင့်ကစားသမားတွေ အများကြီးရှိပါတယ်။
ဒါပေမဲ့ အခုလိုမျိုးပွဲစဉ်တစ်ခုကစားနိုင်ဖို့အတွက် သူတို့ဆီမှာ အရည်အသွေးအပြည့်အဝရှိပါတယ်။ ဒီလိုပွဲစဉ်မျိုးကို ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”လို့ ပြောပါတယ်။