လာမယ့်သီတင်းပတ်မှာ အီရာအိုလာရဲ့အစီအမံတွေ အောင်မြင်လာနိုင်လို့ လီဗာပူးပရိသတ်တွေ မစိုးရိမ်ကြဖို့ ဗန်ဒိုက်တိုက်တွန်း
လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က နယူးကာဆယ်နဲ့ စိတ်ပျက်ဖွယ် သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အပြီး သူ့ရဲ့အသင်းဖော်တွေကို ထောက်ခံပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာ နယူးကာဆယ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့ချိန် အီရာအိုလာရဲ့အသင်းအတွက် ပြန်လည်ပြင်ဆင်စရာတွေ အများကြီး ရှိလာခဲ့ပါတယ်။
စိန့်ဂျိမ်းစ်ပတ်ခ်ဆီ အီဆက်ခ်ပြန်လာမှုက စီစဉ်ထားသလို မဖြစ်ခဲ့သလို ဖလော်ရီယန်ဝစ်ဇ်နဲ့ ဂရာဗန်ဘတ်ချ်တို့လိုကစားသမားတွေလည်း တိုက်စစ်ခံစစ်နှစ်မျိုးလုံးမှာ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ်။
အခုလိုခက်ခဲလှတဲ့အဝေးကွင်းပွဲစဉ်မှာ နှစ်ကြိမ်တိုင်နောက်မှလိုက်ကစားပြီး သရေတစ်မှတ်ရရှိခဲ့လို့ ကျေနပ်စရာရလဒ်လို့ ဆိုနိုင်ပေမဲ့ ချန်ပီယံဆုစိန်ခေါ်မယ့်အသင်းတစ်ခုအတွက်ဆိုရင်တော့ အားရစရာ မရှိသေးပါဘူး။
အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ မေးမြန်းလာမှုကို ဗန်ဒိုက် လာမယ့်သီတင်းပတ်ပိတ်ရက်၊ အန်ဖီးလ်ကွင်းမှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ယှဉ်ပြိုင်ကစားချိန်အတွင်း အကျိုးသက်ရောက်မှုစတင်လာမယ့် နည်းဗျူဟာပိုင်းအပေါ် ယုံကြည်မှု အပြည့်အ၀ရှိတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
"စိုးရိမ်စရာလို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့ သေချာပေါက် ပြင်ဆင်ရမယ့်အရာဖြစ်ပေမဲ့ စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ ကျွန်တော်ပြောနိုင်တဲ့ တစ်ခုတည်းသောအချက်က ဒါပါပဲ။
ဘယ်အလုပ်အကိုင် ဒါမှမဟုတ် ဘယ်လုပ်ငန်းခွင်မျိုးမှာမဆို ခင်ဗျားကိုယ်တိုင် အသစ်ရောက်ရှိလာချိန် အစီအစဉ်အသစ်တွေ၊ အတွေးအမြင်အသစ်တွေအတွက် အချိန်အနည်းငယ်ယူရတယ်ဆိုတာ ပုံမှန်ပါပဲ။
ဒါကို တတ်နိုင်သမျှ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ဖို့ဆိုတာ ကျွန်တော်တို့အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်တို့ တိုးတက်ချင်ပါတယ်၊ အနိုင်ရချင်သလို ပိုပြီးတော့လည်း ကောင်းမွန်အောင် လုပ်ဆောင်ချင်ပါတယ်။ ဒါက မနက်ဖြန်မှစလို့ ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်သွားမယ့် အချက်ပါပဲ"
"လာမယ့်သီတင်းပတ်မှာတော့ အီရီယိုလာကိုယ်တိုင် ကျွန်တော်တို့ကို လုပ်ဆောင်စေချင်တဲ့အရာနဲ့ အနီးစပ်ဆုံးဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ နေ့တိုင်း ကြိုးစားနေပါတယ်။ လေ့ကျင့်ရေးကွင်းမှာ အချိန်အများကြီးပေးဆပ်နေပြီး ဒါက ကျွန်တော်တို့ရဲ့ သစ္စာရှိပြီး ယုံကြည်ရတဲ့ပရိသတ်တွေ အပါအဝင် ကျွန်တော်တို့အားလုံးအတွက် အကျိုးရှိစေပါလိမ့်မယ်" လို့ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။