
လီဗာပူး ဖန်ဖြစ်ခဲ့ပေမယ့် အခုတော့ ဒါမျိုးတွေ မရှိတော့ပါဘူးလို့ ဖွင့်ဟလာတဲ့ ပိုစတီကိုဂလူ
တော့တင်ဟမ်နည်းပြပိုစတီကိုဂလူက ငယ်စဉ်ကလေးဘဝမှာ လီဗာပူးအသင်းကို အားပေးသူတစ်ဦး ဖြစ်ခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ ဒါမျိုးတွေမရှိတော့ပါဘူးလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ကြီးပြင်းခဲ့ရတဲ့ ငယ်စဉ်ဘဝမှာ လက်ရှိတော့တင်ဟမ်နည်းပြက လီဗာပူးဖန်တစ်ဦးဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ဒီနေ့ညပိုင်းမှာပဲ သူအားပေးဖူးခဲ့တဲ့အသင်းနဲ့ ရင်ဆိုင်ကစားရပါတော့မယ်။ ဒီနှစ်သင်းလုံးက အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးပါဘူး။ ယမန်နေ့သတင်းစာရှင်းလင်းပွဲမှာတော့ ပိုစတီကိုဂလူက သူ့ရဲ့ငယ်ဘဝအကြောင်းအရာအချို့ကို ရှင်းပြပြောဆိုခဲ့ပါတယ်။
“ ၁၉၇၀ ပြည့်နှစ်လွန်ကာလတွေမှာပေါ့။ ရွေးချယ်စရာနည်းလမ်းကလည်း တစ်ခု၊နှစ်ခုလောက်ပဲ ရှိပါတယ်။ လူတွေကတော့ လီဗာပူး(သို့မဟုတ်)မန်ချက်စတာယူနိုက်တက်ကိုပဲ အားပေးခဲ့ကြပါတယ်။ ကျွန်တော့်ဆီမှာ မန်ချက်စတာယူနိုက်တက်ကို အားပေးတဲ့ သူငယ်ချင်းတွေ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် စိတ်ဝင်စားစရာတွေဖြစ်အောင် လီဗာပူးကို ကျွန်တော် ရွေးချယ်ခဲ့ပါတယ်။ အခြားကလေးတွေလိုပါပဲ၊ နံရံတွေပေါ်မှာ ပိုစတာတွေ ကပ်ခဲ့ကြတာပေါ့။ လီဗာပူးကတော့ ကျွန်တော့်ရဲ့အသင်း ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကြီးပြင်းလာတဲ့အချိန်မှာ အဲ့ဒါတွေလည်း ပြောင်းလဲသွားခဲ့ပါပြီ။ Happy Days ဟာသဇာတ်ကားကိုလည်း ကျွန်တော် ကြိုက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အဲ့ဒီဇာတ်လမ်းတွဲမှာပါဝင်တဲ့ ဇာတ်ဆောင်တွေရဲ့ ပိုစတာတွေ ကျွန်တော့်ရဲ့အိမ်နံရံတွေပေါ် မရှိတော့ပါဘူး။ ဒါပါပဲ”လို့ ပိုစတီကိုဂလူက ပြောပါတယ်။
ဒီနေ့ညပိုင်းလီဗာပူးနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို တော့တင်ဟမ်ကစားသမား ဘရန်နန်ဂျွန်ဆင် လွဲချော်ဖွယ်ရှိပေမယ့် အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းထားတဲ့ ဆွန်ဟောင်မင်၊ မက်ဒီဆင်တို့တော့ ပါဝင်လာဖွယ် ရှိပါတယ်။
ယာဂန်ကလော့ပ်ရဲ့လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမယ့်အခြေအနေနဲ့ပတ်သက်လို့ ပိုစတီကိုဂလူက “သူတို့က အရမ်းကောင်းတဲ့ အသင်းတစ်ခုဆိုတာ ကာလအတန်ကြာ သက်သေပြခဲ့ပြီးပါပြီ။ ဘောလုံးအသင်းတစ်ခုအဖြစ် အခြေခံသဘောတရားတွေလည်း သူတို့မှာ အမြဲတမ်းရှိခဲ့ပါတယ်။ လီဗာပူးအသင်းကစားပုံနဲ့အတူ လိဂ်ပြိုင်ပွဲမှာ အခြားအသင်းတွေနဲ့ မတူညီတဲ့ အရာအချို့ကိုလည်း ဆောင်ယူလာခဲ့ပါတယ်။ ဒီပွဲစဉ်က ကျွန်တော်တို့အသင်းရဲ့ ကစားဟန်ကို ပြသဖို့ ကြိုးစားရင်းနဲ့ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့စမ်းသပ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ကလော့ပ်ကလည်း ထူးခြားပြောင်မြောက်တဲ့ နည်းပြတစ်ဦးပါ။ သူတို့တွေမှာ ယုံကြည်ချက်ရှိပြီး အဲ့ဒီအတိုင်းပဲ လျှောက်လှမ်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ယုံကြည်ထားတဲ့အရာက သူတို့ကို အောင်မြင်မှုဆီပို့ဆောင်ပေးခဲ့လို့ပါ။ ရေတိုအောင်မြင်မှုဆိုတာ ချက်ချင်းရရှိတာမျိုးမဟုတ်ပေမယ့် ကလော့ပ်တည်ဆောက်နေခဲ့တဲ့ အရာကို သူတို့တွေ မြင်တွေ့ခဲ့ကြပါတယ်”လို့ သုံးသပ်ခဲ့ပါတယ်။