
တော့တင်ဟမ်ကို ၂ ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် အသင်းရဲ့နောက်တန်းကို အပြစ်တင်လာတဲ့ ရူဘင်ဒီယက်စ်
မန်ချက်စတာစီးတီးနောက်ခံလူ ရူဘင်ဒီယက်ဇ်ဟာ စနေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တော့တင်ဟမ်ကို အိမ်ကွင်းမှာ ၀-၂ နဲ့အရေးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့နောက်တန်းပိုင်းစွမ်းဆောင်ရည်ကို ဝေဖန်အပြစ်တင်လာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ မန်စီးတီးဟာ ပွဲအစပိုင်းမိနစ်တွေအတွင်း ပုံစံကောင်းပြသနိုင်ခဲ့ပြီး တော့တင်ဟမ်ကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ဘရန်နန်ဂျွန်ဆန်ရဲ့ဂိုးကို ခွင့်ပြုလိုက်ရပြီးနောက် ခြေစွမ်းပြန်ကျသွားခဲ့ပါတယ်။ ထို့နောက် ပထမပိုင်းပြီးကာနီးမှာပဲ နောက်တန်းရဲ့အမှားကြောင့် နောက်ထပ်သွင်းဂိုးတစ်ဂိုးထပ်မံခွင့်ပြုခဲ့ရကြောင့် မန်စီးတီးအနေနဲ့ ပြန်မလာနိုင်တော့ဘဲ အိမ်ကွင်းမှာ ရှုံးပွဲစတင်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဒီယက်စ်က "ဒုတိယဂိုးက ကံမကောင်းလို့ပေးခဲ့ရတာပါ။ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင်လုပ်နိုင်ခဲ့သင့်ပါတယ်။ ပထမဆုံးပွဲမှာ ကျွန်တော်တို့ အားနည်းချက်တွေရှိခဲ့သလို ဒီပွဲမှာလည်း အမှားတွေများခဲ့ပါတယ်။ ကျွန်တော်တို့ အလုပ်ကြိုးစားဖို့လိုနေပါပြီ။ တော့တင်ဟမ်က အန္တရာယ်အရမ်းများတဲ့အသင်းပါ။ ဒီပွဲမှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံကို မပြသနိုင်ခဲ့ပါဘူး" လို့ဝန်ခံပြောကြားခဲ့ပါတယ်။
မန်စီးတီးအနေနဲ့ ယခုပွဲစဉ်မှာလည်း ဂိုးသမားသစ် ဂျိမ်းစ်ထရက်ဖို့ဒ်ကို အသုံးပြုခဲ့ပေမယ့် အင်္ဂလန်သားဟာ သိသာထင်ရှားတဲ့အမှားတစ်ခုပြုလုပ်ခဲ့တာကြောင့် ပုံမှန်နေရာရဖို့ ရုန်းကန်သွားရနိုင်ပါတယ်။ အပြောင်းအရွှေ့သတင်းတွေအရ မန်စီးတီးဟာ ဈေးကွက်ထဲမှာ ဂိုးသမားသစ်ခေါ်ယူဖို့အတွက်လည်း ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။ မန်စီးတီးဟာ ပီအက်စ်ဂျီမှထွက်ခွာတော့မယ့် ဂိုးသမား ဒွန်နာရမ်မာကို စိတ်ဝင်တစားစောင့်ကြည့်နေတာဖြစ်ပါတယ်။
လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်စီးတီးဟာ ဘရိုက်တန်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိသွားမလား စောင့်ကြည့်ရပါမယ်။