The network connection is lost.

Banner Image

ဘုန်းမောက်နဲ့ပွဲမှာပါဝင်ဖို့ ဆိုလန်ကီအဆင့်သင့်မဖြစ်သေးကြောင်း ဖရန့်ခ်အတည်ပြု

တော့တင်ဟမ်နည်းပြချုပ် သောမတ်စ်ဖရန့်ခ်က အသင်းရဲ့တိုက်စစ်မှူး ဒိုမီနစ်ဆိုလန်ကီဟာ လာမယ့်ဗုဒ္ဓဟူးနေ့ ဘုန်းမောက်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာပါဝင်ကစားဖို့ အဆင်သင့်မဖြစ်သေးကြောင်းနဲ့ အကောင်းဆုံးပုံစံပြန်ရဖို့ အနားယူရဦးမယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။ 

ဆိုလန်ကီဟာ ယခုနှစ်ရာသီအစ ဩဂုတ်လ ၂၃ ရက်နေ့က မန်စီးတီးနဲ့ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေလုပ်ဆောင်နေရလို့ ရာသီဝက်ကာလအတွင်း ပရီးမီးယားလိဂ် ၃ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ 

အင်္ဂလန်သားဟာ အောက်တိုဘာလအတွင်း အသေးစားခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး ဆက်လက်အနားယူနေခဲ့ရတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာတော့ ဆိုလန်ကီတစ်ယောက် လေ့ကျင့်ရေးကွင်းသို့ ပထမဆုံးအကြိမ်ပြန်လည်ရောက်ရှိလာတာကြောင့် ဘုန်းမောက်နဲ့ပွဲမှာပါဝင်နိုင်ချေရှိကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဖရန့်ခ်ကတော့ ကစားသမားက အဆင်သင့်မဖြစ်သေးကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဖရန့်ခ်က "သူ ဘုန်းမောက်နဲ့ပွဲမှာပါဝင်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒဏ်ရာကတော့ အတော်လေးသက်သာနေပါပြီ။ တနင်္လာနေ့မှာ သူဘယ်လိုလေ့ကျင်းခန်းဆင်းခဲ့သလဲ အားလုံးမြင်ပါလိမ့်မယ်။ သူ့ရဲ့ဘောလုံးထိချက်တွေ၊ ဆုံးဖြတ်ချက်တွေကတော့ ကောင်းမွန်နေဆဲပါ။ ဒါပေမယ့် ပွဲမှာကစားဖို့အတွက်ဆိုရင်တော့ သူဒီထက်ပေါ့ပါးနေမှရပါမယ်။ လောလောဆယ်မှာ သူ့ပုံစံက လေးလံသလိုဖြစ်နေပေယ့်ဒါကပုံမှန်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ကစားသမားက အချိန်ယူဖို့ လိုအပ်သေးကြောင်းကိုလည်း ဖရန့်ခ်က "သူကွင်းပြင်မှာနားနေတာ ၆ လလောက်ရှိပါပြီ။ ဒါကြောင့် အချိန်တစ်ခုတော့ ယူရပါလိမ့်မယ်။  မကြာခင်မှာ သူပြန်ကစားနိုင်ခဲ့ရင်တောင်မှ ချက်ချင်းကြီးခြေစွမ်းပြဖို့က ခက်ခဲပါလိမ့်မယ်။ ကစားသမားအနည်းငယ်ပဲ ဒီလိုလုပ်နိုင်ကြတာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သောကြာနေ့က တော့တင်ဟမ်ဟာ အသင်းရဲ့ဂိုးသွင်းအများဆုံးတိုက်စစ်မှူး ဘရန်နန်ဂျွန်ဆင်ကို ခရစ္စတယ်ပဲလေ့စ်ထံရောင်းချခဲ့တာကြောင့် တိုက်စစ်ပိုင်းမှာ လူအင်အားလျော့နည်းနေပါတယ်။ ဒါ့အပြင် တောင်ပံကစားသမား မိုဟာမက်ကူဒက်စ်ကလည်း ခြေထောက်ဒဏ်ရာကြောင့် ဘုန်းမောက်နဲ့ပွဲကို လွဲချော်သွားဖွယ်ရှိနေပါတယ်။