The network connection is lost.

Banner Image

မန်စီးတီးအတွက် ဆုဖလားတွေထက် ဖွံ့ဖြိုးတိုးတက်ဖို့သာ အာရုံစိုက်ထားတယ်လို့ ပက်ဂွါဒီယိုလာဖွင့်ဟ

ဒီည၊ နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလားဆီမီးဖိုင်နယ်(ပ-ကျော့)အတွက် ပြင်ဆင်နေချိန်မှာပဲ ပက်ဂွါဒီယိုလာက ဆုဖလားအောင်မြင်မှုထက် မန်စီးတီးရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုသာ အဓိကအာရုံစိုက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ယမန်နှစ်ဘောလုံးရာသီအပြီး မန်စီးတီးက ရှစ်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် အဓိကဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာခဲ့ပါတယ်။ ဒါပေမဲ့ ပက်ဂွါဒီယိုလာရဲ့အသင်းက ပြီးခဲ့တဲ့ဘောလုံးရာသီအစောပိုင်းမှာ မြို့ခံပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး ကွန်မြူနတီဒိုင်းကို သိမ်းပိုက်ခဲ့ပါတယ်။

တနင်္လာနေ့သတင်းစာရှင်းလင်းပွဲမှာတော့ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဆုဖလားအောင်ပွဲတွေနဲ့ဝေးကွာမှုကြောင့် ဖိအားတွေ ပိုမိုခံစားရပါသလားဆိုတဲ့မေးခွန်းကို ပက်ဂွါဒီယိုလာက ဆုဖလားအောင်မြင်မှုတွေအပေါ် အာရုံမစိုက်ခဲ့ဘူးလို့ တုံ့ပြန်ဖြေဆိုပါတယ်။ မန်စီးတီးနည်းပြက “ ဆုဖလားရရှိခြင်း၊ မရရှိခြင်းဆိုတာ အဓိကအချက်မဟုတ်ပါဘူး။ ဒါက အသင်းတစ်ခုအဖြစ် ဘယ်လိုပုံစံမျိုးဖွံ့ဖြိုးတိုးတက်လာသလဲ၊ ဘယ်လောက်အထိကောင်းမွန်လာသလဲဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျွန်တော်တို့အသင်းကောင်းကောင်းမကစားနိုင်ခဲ့လို့ ဆုဖလားတစ်လုံးထက် ပိုမိုရရှိဖို့ မထိုက်တန်ခဲ့ပါဘူး။ ဒါကြောင့် ကောင်းကောင်းမကစားနိုင်ချိန် ဆုဖလားတစ်လုံးရရှိမယ်ဆိုရင်လည်း ကျေနပ်နိုင်ရပါမယ်။ ဒါမျိုးဖြစ်လေ့ဖြစ်ထရှိပါတယ်။ ရှုံးထွက်အဆင့်တွေမှာ ကံကောင်းဖို့လိုအပ်တယ်ဆိုတာ ခင်ဗျားတို့လည်း သိကြပါတယ်။

ကျွန်တော့်ကို ယုံကြည်ပေးပါ။ ကျွန်တော်တို့က အသင်းကို ပိုမိုကောင်းမွန်အောင်လုပ်ပေးဖို့အတွက် ဒီနေရာမှာ ရောက်ရှိနေတာပါ။ ကျွန်တော်တို့ကိုယ်တိုင်နဲ့ အသင်းပရိသတ်တွေအတွက် စွမ်းဆောင်ရည်ကောင်းတစ်ခု ထုတ်ပြနိုင်ရင်ကိုပဲ ကျေနပ်စရာကောင်းနေပါပြီ”လို့ ဆိုပါတယ်။

အဓိကကစားသမားတွေထွက်ခွာမှုနဲ့အတူ လွန်ခဲ့တဲ့နှစ်တွေအတွင်း အသင်းလူစာရင်းတစ်ခု ပြန်လည်တည်ဆောက်ခဲ့တဲ့ ပက်ဂွါဒီယိုလာက တစ်ပွဲပြီးတစ်ပွဲ တိုးတက်လာဖို့သာ အဓိကအချက်ဖြစ်တယ်လို့ ပြောပါတယ်။ သူက “ ဒါက အဓိကပစ်မှတ်ဖြစ်သလို အချိန်တိုင်းမှာလည်း ဒီအတိုင်းပဲ ရှိနေပါတယ်။ နောက်ပိုင်းမှာ ကိုယ့်ရဲ့လုပ်ငန်းစဉ်အတိုင်း ဆက်ရှိနေချိန် ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ပြီး ဆုဖလားဆွတ်ခူးနိုင်စွမ်း ရှိလာပါမယ်။

ချန်ပီယံဆုဖလားရရှိပြီးချိန်မျိုးမှာ ချီးကျူးစကားသံတွေ အများကြီးကြားရပါတယ်။ ဒါပေမဲ့ နောက်ရက်မှာတော့ ချီးကျူးသံတွေ လျော့ကျလာပြီး နှစ်ရက်၊ သုံးရက်လောက်ကျရင် မေ့သွားကြပါတယ်။ ဒါ နောက်တစ်ချက်ပါ။ ဒါကြောင့် ဘယ်လိုတိုးတက်အောင်လုပ်သွားမလဲဆိုတဲ့ခရီးလမ်းကသာ အရေးကြီးပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ပရော်ဖက်ရှင်နယ်ဘဝရှင်သန်နေအောင် လုပ်ကိုလုပ်ရမယ့်အရာတစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။

မန်စီးတီးက ၂၀၁၈ ခုနှစ်မှစတင်ကာ ကာရာဘောင်ဖလားကို လေးရာသီဆက်ဆွတ်ခူးနိုင်ခဲ့ပြီး ပက်ဂွါဒီယိုလာလက်အောက် အင်္ဂလန်ဘောလုံးလောကကို ဆယ်စုနှစ်တစ်ခုကြာလွှမ်းမိုးထားနိုင်မယ့် အခိုက်အတန့်အတွက် အစပျိုးမှုတစ်ခု ဖြစ်လာပါတယ်။ ယမန်နှစ်ဘောလုံးရာသီမှာတော့ သူတို့တွေက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးကို မယှဉ်ပြိုင်နိုင်ခဲ့သလို အခုဘောလုံးရာသီမှာလည်း အမှတ်ပေးချန်ပီယံပြေးလမ်းထက် အာဆင်နယ်နဲ့ ခြောက်မှတ်ကွာဟနေပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ နောက်ထပ်ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် ချဲလ်ဆီးက အာဆင်နယ်ကို ဧည့်ခံကစားသွားပါမယ်။