
လီဗာပူးနဲ့ပွဲစဉ်အတွင်း အာဆင်နယ်အသင်းရဲ့ပထမပိုင်းစွမ်းဆောင်ရည်အပေါ် စိတ်ပျက်နေခဲ့တဲ့ အာတီတာ
လီဗာပူးကို နောက်မှလိုက်ကစားကာ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အတွင်း ဂန်နားတွေရဲ့လက်မခံနိုင်စရာ ပထမပိုင်းစွမ်းဆောင်ရည်အတွက် အာဆင်နယ်နည်းပြအာတီတာက သူ့ရဲ့ကစားသမားတွေကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
အန်ဖီးလ်ကွင်းပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဂတ်ပို၊ ဒီယက်ဇ်တို့ရဲ့ဂိုးတွေကို ခွင့်ပြုပေးခဲ့ရပြီးနောက် အာဆင်နယ်က အခုဘောလုံးရာသီ၊ ပဉ္စမမြောက်ပရီးမီးယားလိဂ်ရှုံးပွဲဆီ ဦးတည်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းစတင်လာချိန်မှာတော့ ဂန်းနားတို့ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး မာတင်နယ်လီ၊ မီရီနိုတို့ရဲ့ ချေပဂိုးတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မီရီနိုကတော့ ပွဲချိန်နှောင်းပိုင်းမှာ နှစ်ဝါတစ်နီပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံခဲ့ရပါတယ်။
လက်ကျန်ပွဲကစားချိန်မိနစ်အနည်းငယ်မှာ အာဆင်နယ်က ကစားသမားတစ်ဦးလျော့နေပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံတွေနဲ့ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်သွားနိုင်ပါတယ်။ ဒါပေမယ့် အာတီတာကတော့ ပထမပိုင်းပွဲချိန်အတွင်း ဂန်းနားတွေပြသသွားတဲ့ စွမ်းဆောင်ရည်ပိုင်းကို မကျေမနပ်ဖြစ်နေခဲ့ပြီး သူ့အသင်းဟာ ပထမပိုင်း ၄၅ မိနစ်မှာ ပြိုင်ဘက်လီဗာပူးရဲ့အဆင့်အတန်းကို ဘယ်အပိုင်းကဏ္ဍမှာမှ မမီနိုင်ခဲ့ဘူးလို့ ရှင်းပြခဲ့ပါတယ်။
သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် အာတီတာက “ ပထမပိုင်းပွဲချိန်အတွင်း၊ ပွဲချိန်မိနစ် ၂၀ အတွင်း ကျွန်တော်တို့လုပ်ခဲ့တဲ့အရာက လုပ်ကိုလုပ်ရမယ့်အဆင့်အတန်းမျိုးနဲ့ ဘယ်ကဏ္ဍမှာမှ မနီးစပ်နေခဲ့ပါဘူး။ ပြီးတော့ အလွန်နောက်ကျကျန်နေခဲ့ပါတယ်။ ကောင်းပါတယ်၊ ကျွန်တော်တို့ ပြန်တုံ့ပြန်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းပွဲချိန်အတွင်း ကျွန်တော်တို့ရဲ့စံနှုန်းကတော့ လက်သင့်ခံနိုင်စရာ မရှိပါဘူး။
ဘယ်အချက်ကို စိတ်ပျက်မိသလဲ? အများကြီးပါပဲ၊ အထူးသဖြင့် ကျွန်တော်တို့ရဲ့ခံစစ်စံနှုန်းတွေနဲ့ ကျွန်တော်တို့အသင်း ဘောလုံးပေးပို့လိုက်တဲ့ ဧရိယာတွေက ဒီအသင်းနဲ့ရင်ဆိုင်ရချိန် လုံးဝတားမြစ်ထားတဲ့နေရာတွေနဲ့ အတော်လေးဝေးကွာနေလို့ တကယ်ကိုစိတ်ပျက်မိပါတယ်။
မှန်ပါတယ်၊ ကျွန်တော်တို့မှာ တုံ့ပြန်မှုတစ်ခု ရှိခဲ့ပါတယ်။ ကျွန်တော်ကတော့ တုံ့ပြန်မှုဆိုတာကို မကြိုက်ပါဘူး။ အထူးသဖြင့် ဆုဖလားအောင်မြင်မှုတွေလိုချင်နေလို့ လုပ်ဆောင်ချက်တွေကိုပဲ ကျွန်တော်သဘောတွေ့ပါတယ်။ ကိုယ့်မှာ အနိုင်ရရှိနေတဲ့ အခိုက်အတန့်ပဲဖြစ်ဖြစ်၊ အနိုင်မရသေးတဲ့ အခိုက်အတန့်ပဲဖြစ်ဖြစ်၊ ဒါမျိုးတွေ မရှိထားချိန်မှာ ကိုးလကြာကြိုးစားလုပ်ဆောင်ခဲ့တဲ့ နောက်ထပ်အရာတစ်ခုအတွက် ကစားပေးသွားဖို့ ဒီနေ့မှာ လိုအပ်ပါတယ်။
ကိုယ်က အနိုင်မရရှိနိုင်ဘူးဆိုရင်တောင် ကျန်တဲ့အပိုင်းကဏ္ဍတွေမှာ အကောင်းဆုံးဖြစ်နေဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ တကယ့်ကို စိတ်ပျက်မိပါတယ်”လို့ ပြောပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် လက်ကျန်ပွဲစဉ်နှစ်ခုရှိနေချိန် ဂန်းနားတွေကို နယူးကာဆယ်၊ မန်စီးတီးတို့က နှစ်မှတ်အကွာ၊ သုံးမှတ်အကွာအနေအထားတွေနဲ့ ဖိအားပေးလာပါတယ်။