
နည်းပြ နူနို အက်စ်ပီရီတို ဆန်းတို့စ်ကို ထုတ်ပယ်ရန် စဉ်းစားနေပြီး အစားထိုးနည်းပြအတွက် ဆွေးနွေးနေတဲ့ နော်တင်ဟမ်ဖောရက်စ်
နော်တင်ဟမ်ဖောရက်စ်အသင်းက ကစားသမား ခေါ်ယူမှုနဲ့ ပတ်သက်ပြီး “တင်းမာမှုတွေ” ရှိခဲ့တဲ့အတွက် နည်းပြ နူနို အက်စ်ပီရီတို ဆန်းတိုကို “ထုတ်ပယ်ရန် စဉ်းစားနေပါတယ်”။ပရီးမီးယားလိဂ် ဘောလုံးရာသီအသစ်မတိုင်ခင်မှာ ဖောရက်စ်နည်းပြ နူနိုက လူစာရင်းက လိုအပ်တဲ့နေရာတွေကနေ “တော်တော်လေး ဝေးနေပြီး ကြီးမားတဲ့ ပြဿနာ ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။သတင်းထောက် မက်တီယို မိုရက်တိုရဲ့ ပြောကြားချက်အရတော့ နူနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ နော်တင်ဟမ်ဖောရက်စ်က စဉ်းစားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုင်ရှင်တွေကြားမှာ ဒီအပြောင်းအရွှေ့ကာလအတွင်း “ကစားသမားတချို့ ခေါ်ယူမှု” နဲ့ ပတ်သက်ပြီး “တင်းမာမှုတွေ” ရှိခဲ့လို့ပါပဲ။
ဖောရက်စ်အသင်းကသာ နူနိုကို ထုတ်ပယ်ခဲ့ရင်တော့ ပရိသတ်တွေကြားမှာ အကြီးအကျယ် မကျေနပ်မှုတွေ ဖြစ်လာပါလိမ့်မယ်။ အသင်းကတော့ အခြားနည်းပြတွေကို စတင်စောင့်ကြည့်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ အကောင်းဆုံးလုပ်ပြနိုင်ခဲ့လို့ ဒီနှစ် ဘောလုံးရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့် ရရှိထားခဲ့တာပါ။ ဒါပေမဲ့ ဒါက ပိုင်ရှင် အီဗန်ဂလိုစ် မာရီနာကစ်ရဲ့ ဒေါသကနေ နည်းပြကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။
ဖောရက်စ်အသင်းက ဒီနွေရာသီမှာ ကစားသမားတွေအတွက် ယူရို ၁၇၅ သန်းလောက် သုံးစွဲထားပါတယ်။ ဒေါက်ဂလပ်စ် လူးဝစ်လည်း ကြာသပတေးနေ့က အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ နည်းပြဖြစ်လာခဲ့တဲ့ နူနိုဟာ နိုင်ပွဲ ၃၉.၄၄ ရာခိုင်နှုန်းရှိနေပြီး ၂၈ ပွဲနိုင်၊ ၁၉ ပွဲသရေ၊ ၂၄ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘရန့်ဖို့ဒ်ကို ၃-၁ ဂိုး နဲ့ အနိုင်ရခဲ့တဲ့ ဖောရက်စ်အသင်းဟာ လာမယ့်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်း သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နူနိုဟာ နည်းပြတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်ဦးမလားဆိုတာတော့ စောင့်ကြည့်ရပါလိမ့်မယ်။