
ဘာစီလိုနာနည်းပြဟောင်းဇာဗီလက်ထက် သူ့ရဲ့စိတ်ပျက်ရမှုတွေကို ထုတ်ဖော်ပြောပြလာတဲ့ ရာဖင်ဟာ
အခုဘောလုံးရာသီ၊ ဘာစီလိုနာအသင်းအတွက် စိတ်လှုပ်ရှားဖွယ်ပုံစံကောင်းတွေပြသနေတဲ့ ရာဖင်ဟာက ဟန်စီဖလစ်ခ်လက်အောက်မှာ ဘော်လွန်းဒီအော်ဆုအတွက် ယှဉ်ပြိုင်နိုင်သူစစ်စစ် ဖြစ်လာပါတယ်။ ဒါက ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ဘာစီလိုနာနဲ့ဝေးရာဆီထွက်ခွာဖို့ ချိတ်ဆက်ခံခဲ့ရတဲ့ ဘရာဇီးသားအတွက် ကြီးမားတဲ့ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ရာဖင်ဟာက ဘာစီလိုနာကစားသမားဘဝအစောပိုင်းနေ့ရက်တွေအကြောင်း ဖွင့်ဟလာပြီး နည်းပြဟောင်းဇာဗီလက်အောက်မှာ ရုန်းကန်ခဲ့ရတယ်လို့ အတိအလင်းဝန်ခံခဲ့ပါတယ်။
ရာဖင်ဟာက“ ဇာဗီတင်မက သူ့ရဲ့နည်းပြအဖွဲ့ဝင်ကပါ ကျွန်တော့်ကို ယုံကြည်မှုမရှိဘူးလို့ ခံစားမိခဲ့ပါတယ်။ သူတို့အကုန်လုံး အသင်းမှာမရှိတော့ချိန် ကျွန်တော်ကတော့ ဒီအသင်းမှာ ပွဲချိန်မိနစ် ၉၀ ပြည့် ပါဝင်ကစားနေပါပြီ။ အသင်းအတွက် လိုအပ်တဲ့အရာမှန်သမျှကို ဖြည့်ဆည်းပေးသလို အခက်အခဲတွေကိုလည်း ကူညီဖြေရှင်းပေးခဲ့ပါတယ်။ ကိုယ့်ရဲ့ပွဲထွက်ခွင့်နေရာအတွက် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ဒီအလုပ်တွေကို ကျွန်တော် လုပ်ပေးခဲ့ပါတယ်။ တခါတလေ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်ရဲ့အလုပ်တွေကို မိနစ် ၆၀ လောက်နဲ့ လုပ်ခဲ့နိုင်လို့ ကိုယ့်ကိုယ်ကိုယ် လူစားလဲလှယ်ပစ်ချင်ပါတယ်”လို့ ပြောပါတယ်။
ဇာဗီရဲ့လူစားလဲလှယ်မှုတစ်ခုကြောင့် နည်းပြနဲ့ ဘရာဇီးသားတိုက်စစ်မှူးအကြား အပြင်းအထန်ပေါက်ကွဲခဲ့ကြတဲ့ အဖြစ်အပျက်တစ်ခုအကြောင်းကိုလည်း ရာဖင်ဟာက ပြောပြခဲ့ပါတယ်။
သူက “ အရန်ခုံတန်းဆီရောက်ရှိသွားချိန်မှာပဲ ဒေါသအိုးပေါက်ကွဲသွားတဲ့ အထင်ကရရုပ်သံဗီဒီယိုတစ်ခု ရှိပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ် ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ အဲ့ဒီပွဲစဉ်မှာ ကျွန်တော့်ရဲ့စွမ်းဆောင်ရည် အရမ်းကောင်းနေပြီး တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးထားပါတယ်။ ၂-၂ ဂိုးဖြစ်နေချိန် ဇာဗီက ကျွန်တော့်ကို လူစားလဲလှယ်ခဲ့ပါတယ်။ ကျွန်တော်က အရမ်းကောင်းတဲ့အခွင့်အရေးတစ်ခုကို ဖန်တီးပေးခဲ့ချင်ရုံသာ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သက်သောင့်သက်သာရှိနေပြီး အရမ်းကောင်းအောင် ကစားနေပါတယ်။ အဲ့ဒီအချိန်မှာပဲ ပထမဆုံးလူစားလဲလှယ်မှုက ကျွန်တော် ဖြစ်နေပါတယ်။ ဒါကိုမြင်လိုက်ရချိန် ယုံတောင်မယုံနိုင်တော့ပါဘူး။ ဒါကိုပြင်လိုက်ဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ ဇာဗီနဲ့ စကားအများကြီးပြောဖြစ်ပေမယ့် ထူးခြားမှုတစုံတရာမရှိတာကိုပဲ မြင်တွေ့ခဲ့ရပါတယ်။ ဇာဗီဆီမှာလည်း ကိုယ်ပိုင်အတွေးအခေါ်မျိုး ရှိခဲ့ပါတယ်”လို့ ဆက်ပြောပါတယ်။
ဒီဖြစ်ရပ်အပြီး တိုက်စစ်မှူးက နည်းပြဇာဗီနဲ့ အသင်းဖော်တွေကို တောင်းပန်ခဲ့ပေမယ့် နည်းပြဟောင်းလက်ထက်မှာ သူ့အတွက် ခက်ခဲမှုအပြည့်ရှိခဲ့တယ်ဆိုတာလည်း သေချာသလောက်ပါပဲ။