
လီဗာပူးကြယ်ပွင့်ရဲ့ပုံစံ ပုံမှန်အနေအထားမျိုး မဟုတ်ပေမယ့် စိုးရိမ်စရာမရှိဘူးလို့ ထုတ်ဖော်ပြောဆိုတဲ့ အန်းစလော့
ယမန်နေ့(တနင်္ဂနွေနေ့)၊ ဖူလ်ဟမ်ကို ၃-၂ ဂိုးဖြင့်ရှုံးနိမ့်တဲ့ ပွဲစဉ်မှာလည်း လီဗာပူးအသင်းအတွက် ဂိုးသွင်းယူပေးနိုင်ရေးတာဝန်ပျက်ကွက်ခဲ့တဲ့ မိုဆာလက်ကို အန်းစလော့က ကာကွယ်ပြောဆိုခဲ့ပါတယ်။ လီဗာပူးတိုက်စစ်ကြယ်ပွင့်က ပြိုင်ပွဲစုံနောက်ဆုံးငါးပွဲဆက် သွင်းဂိုးမရရှိခဲ့ဘဲ ဂိုးမိုးခေါင်မှုနဲ့ ဆက်လက်ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ကာရာဗန်ကော့တေ့ချ်ကွင်းပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်မှာလည်း အသက်-၃၂ နှစ်အရွယ်ကစားသမားက အခွင့်အရေးကောင်းတစ်ကြိမ်ကို အံ့အားသင့်ဖွယ် ဖြုန်းတီးပစ်ခဲ့ပါတယ်။
၂၀၂၄-၂၀၂၅ ဘောလုံးရာသီအစောပိုင်းမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့အတူ ဘော်လွန်းဒီအော်ဆု ဆွတ်ခူးနိုင်ဖို့ ရေပန်းစားခဲ့ဖူးတဲ့ မိုဆာလက်က လတ်တလောမှာ ပုံစံကောင်း ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ကြိုးကြာနီနည်းပြအန်းစလော့ကတော့ သူ့ရဲ့တိုက်စစ်မှူးအပေါ် ယုံကြည်မှုတွေ ဆက်လက်ပြသရင်း ကာကွယ်ပြောဆိုသွားပါတယ်။
ပွဲစဉ်အပြီး BBC MOTD နဲ့တွေ့ဆုံချိန် ဒတ်ချ်လူမျိုးနည်းပြက “ မိုဆာလက်စွမ်းဆောင်ပြခဲ့တဲ့ ကိန်းဂဏန်းတွေက ပုံမှန်မဟုတ်တာကြောင့် ချီးကျူးစရာတစ်ခုအဖြစ် ရှုမြင်သင့်ပါတယ်။ မိုဆာလက်နဲ့ပတ်သက်ပြီး ကောင်းတဲ့အချက်တစ်ခုက သူဟာ ဘယ်လိုကစားသမားမျိုးလဲဆိုတာ သူကိုယ်တိုင် သိမြင်နေခြင်းပဲ ဖြစ်ပါတယ်။ မိုဆာလက်က အရင်လိုပုံစံမျိုးကို ထပ်မံပြသသွားပါလိမ့်မယ်။ ဒီအတွက်တော့ ကျွန်တော် မစိုးရိမ်မိပါဘူး”လို့ ပြောပါတယ်။
အန်းစလော့ရဲ့အသင်းက တနင်္ဂနွေနေ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပေမယ့် အမှတ်ပေးဇယားကို ၁၁ မှတ်ဖြတ်ပြီး ဆက်လက်ဦးဆောင်ထားပါတယ်။ သူတို့တွေက အခုသီတင်းပတ်ကုန်၊ အန်ဖီးလ်ကွင်းမှာ ဝက်စ်ဟမ်းကို ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဧည့်ခံကစားရပါမယ်။