The network connection is lost.

Banner Image

ချဲလ်ဆီးရဲ့ ၅ ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကို စိုးရိမ်မိကြောင်းပြောကြားလာတဲ့ မာရက်စ်ကာ

ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်ကို ၂-၂ နဲ့သရေကျခဲ့ပြီးနောက် ချဲလ်ဆီးနည်း အန်ဇိုမာရက်စ်ကာက အသင်းရဲ့ကာလရှည်နိုင်ပွဲပျောက်ဆုံးမှုကို စိုးရိမ်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

အဆိုပါသရေပွဲကြောင့် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ အမှတ်ပေးဇယား အဆင့် ၄ နေရာမှ ဖယ်ပေးရဖို့အလားအလာများနေပြီဖြစ်ပါတယ်။ ယခုပွဲစဉ်မှာချဲလ်ဆီးဟာ ပွဲအစ ၁၃ မိနစ်မှာရရှိခဲ့တဲ့ ပယ်လ်မာရဲ့ဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ဘုန်းမောက်အတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို ကလူဝီဗတ်နဲ့ ဆီမီညိုတို့က ပြန်လည်သွင်းယူခဲ့တာကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ 

ချဲလ်ဆီးအတွက် ချေပဂိုးကိုတော့ ပွဲပြီးကာနီး ၉၀+၅ မိနစ်မှာ ရီစီဂျိမ်းစ်က ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းယူပေးနိုင်ခဲ့လို့ အန်ဇိုမာရက်စ်ကာရဲ့အသင်းဟာ အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ချ်မှာ သရေ ၁ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ ဂိုးပေါက်ကန်သွင်းမှု ၂၆ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး ၁၀ ကြိမ်အထိဂိုးပေါက်တည့်ခဲ့ပေမယ့် တိုက်စစ်ပိုင်းဖြုန်းတီးမှုတွေကြောင့် ဂိုးပေါက်ကန်သွင်းချက် ၇ ကြိမ်သာရရှိခဲ့တဲ့ ဘုန်းမောက်ကို သရေရလဒ်သာ ရယူနိုင်ခဲ့ပါတယ်။
 
ပွဲအပြီးမှာ မာရက်စ်ကာက “ကျွန်တော်တို့ ဒီထပ်ပိုကောင်းတဲ့ရလဒ်နဲ့ထိုက်တန်ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာပေါ့။ ဂိုးပြန်ပေးလိုက်ရပြီးနောက်ပိုင်းမှာ အသင်းရဲ့ကစားပုံက အပြုသဘောမဆောင်ခဲ့ပါဘူး။ ပွဲက ကျွန်တော်တို့ရဲ့ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရှိနေခဲ့ပေမယ့် ဒီထက်ပိုပြီးတိုးတက်ဖို့လိုနေပါသေးတယ်။ ကျွန်တော့်အနေနဲ့ အသင်းအနိုင်ရနေရင်တောင် စိုးရိမ်လေ့ရှိပါတယ်။ အခု ကျွန်တော်တို့ကစားခဲ့တဲ့ပွဲစဉ်က ပရီးမီးယားလိဂ်ပွဲစဉ်ပါ။ ဒီပြိုင်ပွဲမှာ အခွင့်အရေးတွေရပြီးဂိုးမသွင်းနိုင်ခဲ့ရင် ပိုပြီးတော့ စိုးရိမ်စရာကောင်းပါတယ်။ ကျွန်တော်တို့ နိုင်ပွဲပျောက်နေတာကြာပါပြီ” လို့ဝန်ခံပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အသင်းအတွက်အရေးပါတဲ့ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ ဂျိမ်းစ်ကလည်း “ကျွန်တော်ဂိုးမသွင်းရတာကြာပါပြီ။ ဒီလိုခံစားချက်မျိုးကို မရခဲ့တာလည်းကြာပါပြီ။ ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ သရေရလဒ်ကို မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ အသင်းက အခွင့်အရေးတွေအများကြီးရခဲ့ပြီး စောစောစီးစီးပဲ ပွဲကိုဖြတ်နိုင်ခဲ့သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် ပြိုင်ဘက်က ကျွန်တော်တို့ကို ဆုံးမသွားမှာပါ။ ဒါက ကမ္ဘာ့ဘောလုံးသဘောတရားပါပဲ။ အခွင့်အရေးတွေကိုအသုံးမချနိုင်ရင် ပြိုင်ဘက်က ကျွန်တော်တို့ကို သင်ခန်းစာပေးပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။