The network connection is lost.

Banner Image

သရဲနီကစားသမားဖြစ်ချင်လို့ တစ်ဘဝလုံး ကြိုးစားနေခဲ့ရတာလို့ ရင်ဖွင့်လာတဲ့ အမ်မရာဘတ်

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ မန်ချက်စတာမြေတွင် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကာရာဘောင်ဖလား ပွဲစဉ်တွင် အိမ်ရှင် ယူနိုက်တက်အသင်းက ၃ဂိုး - ၀ဂိုး ရလဒ်ဖြင့် သက်သောင့်သက်သာ အနိုင်ရလဒ်ဖော်ဆောင်နိုင်ခဲ့ပြီး ပွဲစဉ်အတွင်းမှာ ယူနိုက်တက်ကစားသမားဘဝ ပထမဦးဆုံး ပွဲထွက်ကစားခွင့်ရခဲ့တဲ့အပေါ် အမ်မရာဘတ်က ရင်ဖွင့်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲနဲ့ ကြုံတွေ့နေရချိန်ဖြစ်တာကြောင့် အမ်မရာဘတ်အတွက် ကနဦးအငှားပုံစံဖြင့် ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲရစ်ဆင်ရဲ့ ကြံ့ခိုင်မှုအားနည်းချက်အပြင် ရာသီကြိုအပြောင်းအရွှေ့အတွင်းမှာ ပူပူနွေးနွေး ခေါ်ယူထားတဲ့ မေဆင်မောင့်ရဲ့ ဒဏ်ရာအခြေအနေကြောင့်ပါ ကွင်းလယ်ပိုင်းလိုအပ်ချက် ပေါ်လွင်လာတာကြောင့် ယူနိုက်တက်အသင်းက အပြောင်းအရွှေ့ကာလတစ်လျှောက် ပစ်မှတ်ထားခဲ့တဲ့ မော်ရိုကိုစတားကို ကနဦး ငှားရမ်းခ ယူရို ၁၀သန်း အပြင် ယူရို ၂၅သန်းဖြင့် အပြီးဝယ်ယူခွင့်ပါဝင်တဲ့ စာချုပ်တစ်ရပ်နဲ့အတူ ချုပ်ဆိုခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်း အတွက် ပွဲဦးထွက်ကစားခွင့်ရတဲ့ ခံစားချက်နဲ့ ပတ်သက်လို့ ပွဲစဉ်အတွင်း ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ မော်ရိုကိုကြယ်ပွင့် အမ်မရာဘတ်က “ဒီနေ့ညကတော့ ပြီးပြည့်စုံတဲ့ ညတစ်ညဖြစ်နေမှာပါ။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး အို့ထရက်ဖို့ဒ်မှာ ပွဲထွက်ကစားခွင့်ရရေးအတွက် ကျွန်တော် တစ်ဘဝလုံး မြှပ်နှံခဲ့ရတာကြောင့်ပါ။ အခု ဒီအိမ်မက်တွေ အမှန်တကယ် နိုးထလာခဲ့ပါပြီ” “ဒီနေ့က အင်္ဂါနေ့ကြီးဖြစ်ပေမဲ့ ကွင်းထဲမှာ ပရိသတ်တွေက အပြည့်ပဲဗျာ။ တကယ်ကို မယုံကြည်နိုင်ချင်စရာပါပဲ” “ကျွန်တော့်အနေနဲ့ ဘယ်နေရာမှာမဆို ကစားပေးနိုင်တယ်ဆိုတဲ့အကြောင်း နည်းပြကို ပြောထားပါတယ်။ နည်းပြ စိတ်ကြိုက်နေရာမှာ ကစားပေးမှာပါ။ ပြီးတော့ ဒီနေ့ပွဲမှာ ကစားခဲ့တာကလည်း ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံလို့တော့ မဆိုနိုင်ပါဘူး။ ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ တောက်လျှောက်လွဲချော်ထားတာကြောင့် ပွဲစဉ်တွေနဲ့ အချိန်အတော်ကြာ လွဲနေခဲ့တာပါ။ ဒါပေမဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာတော့ ကျွန်တော်က အမြဲကြိုးစားနေတတ်တဲ့သူ ဖြစ်ပါတယ်”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။