The network connection is lost.

Banner Image

လူငယ်ကစားသမားတွေရဲ့ခြေစွမ်းပြမှုဖြင့် ကိုပါဒယ်လ်ရေးဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ဒီနေ့မနက်ပိုင်း၊ ကိုပါဒယ်လ်ရေးဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လီဂါနက်စ်ကို လူငယ်တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာရဲ့နာကျင်အချိန်ပိုသွင်းဂိုးနဲ့ ၃-၂ ဂိုးဖြင့် အနိုင်ယူပြီးနောက် ရီးရဲလ်မက်ဒရစ်လူငယ်ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို အန်ဆယ်လော့တီက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

အခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ခံစစ်ပိုင်းအတွက် အသက်-၂၁ နှစ်အရွယ် ရာအူးလ်အဆန်စီယို၊ အသက်-၂၀ နှစ်အရွယ် ဂျာကိုဘိုရာမွန်တို့နဲ့အတူ လူငယ်တိုက်စစ်မှူးတွေဖြစ်တဲ့ အသက်-၁၉ နှစ်အရွယ် အာဒါဂူလာ၊ အသက်-၁၈ နှစ်အရွယ် အန်းဒရစ်ခ်တို့ကို အသုံးပြုပြီး အပြောင်းအလဲများစွာပြုလုပ်လာခဲ့ပါတယ်။ ဘူတာကွီမှာ ကစားရတဲ့ပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်က မိုဒရစ်၊ အန်းဒရစ်ခ်တို့ရဲ့သွင်းဂိုးတွေနဲ့  ဦးဆောင်နိုင်ခဲ့ပေမယ့် အိမ်ရှင်အတွက် ဂျူအမ်ခရုဇ်က ချေပဂိုးနှစ်ဂိုး ပြန်လည်သွင်းယူပေးခဲ့လို့ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ဒီနောက်မှာတော့ လူစားဝင်တိုက်စစ်သမားဂွန်ဇာလိုဂါစီယာက ဘရာဟင်ဒီယက်ဇ်ရဲ့ဖန်တီးပေးမှုကို အပိုင်အသုံးချကာ ရီးရဲလ်မက်ဒရစ်ကို ကိုပါဒယ်လ်ရေးဖလားဆီမီးဖိုင်နယ်အဆင့်ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ ဂွန်ဇာလိုဂါစီယာက အခုဘောလုံးရာသီ၊ ရီးရဲလ်မက်ဒရစ်အရန်အသင်းဖြစ်တဲ့ Castilla အတွက် လိဂ် ၁၉ ဂိုးအထိ သွင်းယူပေးထားပါတယ်။

ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ အန်ဆယ်လော့တီက “ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းခံစစ်ပိုင်းလည်း ဒုက္ခများခဲ့ရပါတယ်။ ဂျာကိုဘိုရာမွန်ဆိုရင် ပွဲအစပိုင်းမှာ အနည်းငယ်စိတ်လှုပ်ရှားခဲ့ပြီး နောက်ပိုင်းမှာ တည်တည်ငြိမ်ငြိမ်မှန်မှန်ကန်ကန် လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ ဂွန်ဇာလိုဂါစီယာကလည်း Castilla မှာ ပုံစံကောင်းပြသနေတဲ့ ကစားသမားပါ။ လူငယ်ကစားသမားတွေက အခုလိုမျိုး စွမ်းဆောင်ပြခဲ့လို့ ကျွန်တော်တို့တွေ ပျော်ရွှင်ကျေနပ်သွားရပါမယ်။

သူတို့တွေ အမှားလုပ်မိနိုင်ပေမယ့် အသင်းအတွက်တော့ ပံ့ပိုးကူညီပေးခဲ့ပါတယ်။ ခက်ခဲတဲ့အခိုက်အတန့်တစ်ခုမှာ သူတို့ကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အတွက် ဒုက္ခများခဲ့ရပေမယ့် ဒီနေ့ပွဲစဉ်လိုမျိုး ကျွန်တော်တို့ ဖြတ်သန်းသွားဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။ ဘောလုံးရာသီတစ်ခုရဲ့အရေးအကြီးဆုံးအဆင့်တစ်ခုဆီ ရောက်ရှိလာချိန်မှာ ရီးရဲလ်မက်ဒရစ်က စီနီယာခံစစ်မှူးတွေဖြစ်တဲ့ မီလီတာအို၊ ရူဒီဂါ၊ အလာဘာတို့ရဲ့ ဒဏ်ရာပြဿနာတွေနဲ့အတူ ခံစစ်ပိုင်းဒဏ်ရာပြဿနာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်(ပထမအကျော့) မန်စီးတီးနဲ့အဝေးကွင်းပွဲစဉ်မတိုင်ခင် လာမယ့်စနေနေ့၊ ဘာနေဗျူးကွင်းမှာ မြို့ခံပြိုင်ဘက်အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ကစားရပါမယ်။ အန်ဆယ်လော့တီက “ကျွန်တော်တို့ရဲ့အကယ်ဒမီဝန်ထမ်းတွေ အကောင်းဆုံးလုပ်ဆောင်နေပြီး အကောင်းဆုံးပြင်ဆင်ထားတဲ့ ကစားသမားတွေကိုလည်း ထုတ်လုပ်ဖန်တီးပေးနေပါတယ်။ ဒီနေရာမှာ ရာအူးလ်အဆန်စီယို၊ ဂွန်ဇာလိုဂါစီယာနဲ့ ဂျာကိုဘိုရာမွန်တို့ ရှိပါတယ်။ ဂျာကိုဘိုရာမွန်ဆိုရင် ဒဏ်ရာပြဿနာတစ်ခုကြောင့် သုံးလလောက် အနားယူခဲ့ရပါတယ်။ သူ့အတွက် တစ်ခုခုတော့ လိုအပ်နေတုန်းပါပဲ။ ဒါပေမယ့် ကျွန်တော်တို့တွေ သူတို့ကို အားကိုးအားထားပြုနိုင်တယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး အီတာလျံဝါရင့်နည်းပြကြီးက ရီးရဲလ်မက်ဒရစ်ရဲ့ပွဲစဉ်ဇယားအပေါ် မူတည်ကာ လီဂါနက်စ်နဲ့ပွဲစဉ်အတွက် ကစားသမားရွေးချယ်ခဲ့ရတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ အန်ဆယ်လော့တီက “ကျွန်တော်တို့တွေ နောက်လာမယ့်နှစ်ပွဲစာလောက်အထိ ထည့်တွက်ထားရပါတယ်။ ကျွန်တော်တို့အသင်းခံစစ်ပိုင်းမှာ အရေးပေါ်အခြေအနေတစ်ခုဖြစ်နေလို့ အသင်းကို အရမ်းပင်ပန်းသွားတာမျိုး မဖြစ်စေချင်ပါဘူး။ လူငယ်ကစားသမားတွေဖြစ်တဲ့ အာဒါဂူလာ၊ အန်းဒရစ်ခ်၊ ဂျာကိုဘိုရာမွန်တို့ကို ပုံမှန်ခြေစွမ်းပြန်ရရှိအောင် ပွဲကစားချိန်တွေပေးသွားရပါမယ်။ ဒါကြောင့် လာမယ့်ပွဲစဉ်တွေမှာ သူတို့တွေ အသုံးဝင်လာနိုင်ပါတယ်”လို့ ပြောပါတယ်။