
အာမိုရင်ရဲ့နည်းစနစ်ကို သံသယရှိလာတဲ့ ယူနိုက်တက်စတားများ
ယူနိုက်တက်အသင်းသားတွေဟာ နည်းပြ အာမိုရင်ရဲ့နည်းစနစ်ပိုင်းအပေါ် သံယယရှိလာတယ်လို့ သိရပါတယ်။ သတင်းတွေအရ တော့တင်ဟမ်ကိုအရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ တန်ဟက်ထွက်ခွာပြီးနောက် အာမိုရင်လက်အောက်မှာ ၈ ပွဲအထိ အရေးနိမ့်ထားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အသင်းရလဒ်ပိုင်းဆိုးဝါးလားမှုနဲ့အတူ အဆင့်ရပ်တည်မှုကလည်း တန်းဆင်းဇုန်နားကပ်လာနေပြီး တန်းဆင်းနိုင်ချေလည်း မြင့်မားလာနေတာဖြစ်ပါတယ်။
နောက်ထပ်သတင်းတွေအရ ယူနိုက်တက်အသင်းကစားသမားအချို့ဟာ အာမိုရင်ရဲ့ ၃-၄-၃ နည်းစနစ်ပိုင်းကို သံသယရှိနေကြတယ်လို့ သိရပြီး နည်းစနစ်ပိုင်းကြောင့် ပေါ်တူဂီသားလက်အောက်မှာ နိုင်ပွဲအနည်းငယ်ပဲရရှိနေတာ်လို့ ယုံကြည်နေကြပါတယ်။ အဝတ်လဲခန်းထဲကလာတဲ့သတင်းတွေအရ “ကျွန်တော်တို့ တစ်ပွဲတော့အဆင်ပြေနိုင်ပေမယ့် နောက်တစ်ကြိမ်မှာ ကံမကောင်းနိုင်ပါဘူး”လို့ ပြောဆိုနေကြတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ အာမိုရင်လက်အောက် ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၄ ပွဲသာ အနိုင်ရရှိထားခဲ့ပါတယ်။ နောက်ဆုံးအနိုင်ရရှိခဲ့တာက ပြီးခဲ့တဲ့လတုန်းက ဆောက်သမ်တန်ကို အာမက်ရဲ့ဟက်ထရစ်နဲ့အတူ ၃-၁ နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီး ၊ ဖူလ်ဟမ်တို့ပွဲမှာလည်း အာမက် ၊ မာတီနက်ဇ်တို့ရဲ့ဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အာမိုရင်ရဲ့ ၃-၄-၃ နည်းစနစ်ပိုင်းဟာ စပို့တင်းမှာတော့ အောင်မြင်ခဲ့ပေမယ့် ယူနိုက်တက်မှာတော့ ရုန်းကန်နေရတာဖြစ်ပါတယ်။
မန်စီးတီးနောက်ခံလူဟောင်း မီကာရစ်ချက်ကလည်း အာမိုရင်ရဲ့နည်းစနစ်နဲ့ပတ်သက်ပြီး “၄ ယောက်တန်းခံစစ်ကနေ ၃ ယောက်တန်းခံစစ်ကိုပြောင်းလဲချိန်မှာ ကစားရတာ အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် နည်းပြတစ်ဦးအနေနဲ့ အဆင်ပြေအောင်တော့ လုပ်ရပါမယ်။ တစ်ချို့အချိန်တွေမှာ ခင်ဗျားနည်းစနစ်အတိုင်းကစားပေမယ့် ကစားသမားတွေအဆင်ပြေအောင် အလှည့်အပြောင်းအနည်းငယ်တော့ လုပ်ရပါမယ်။သူက သူ့နည်းစနစ်ကို လာမယ့်ရာသီအထိ ဆက်ယူသွားချင်ပေမယ့် ယူနိုက်တက်က အခုလက်ရှိရလဒ်ပိုင်း ကောင်းမွန်တာကို လိုချင်နေတာပါ”လို့ ထောက်ပြခဲ့ပါတယ်။ယူနိုက်တက်ဟာ နောက်အပတ်မှာ အဲဗာတန်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး နည်းပြဟောင်း မိုယက်စ်နဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။