အာဆင်နယ်စတားဟောင်း မိုင်ဒီမာကို ခေါ်ယူလိုက်တဲ့ မန်စီးတီး
မန်စီးတီးအသင်းဟာ အာဆင်နယ်တိုက်စစ်မှူးဟောင်း မိုင်ဒီမာကို အလွတ်နဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၇ နှစ်သားဟာ အာဆင်နယ်နဲ့စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် စီးတီးထံပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အမျိုးသမီးစူပါလိဂ်ရဲ့သမိုင်းတစ်လျှောက် ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။
အသင်းအတွက် ၁၇၂ ပွဲမှာ ၁၂၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း အာဆင်နယ်ကတော့ မိုင်ဒီမာကို စာချုပ်သစ်မချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံသူဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း အမျိုးသမီးလိဂ်ပွဲစဉ် ၈ ပွဲသာ လွဲချော်ခဲ့ပြီး အခုချိန်မှာတော့ စီးတီးနဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
“စီးတီးကိုရွေးချယ်ခဲ့ရတဲ့အကြောင်းအရင်းရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ကျွန်မ နဲ့ တူညီတဲ့ရည်မှန်းချက်တွေရှိနေတာကြောင့်ပါ။ သူတို့လိဂ်ဖလားအပြင် ဆုဖလားတွေရယူချင်နေပါတယ်။ ကျွန်မအမြဲပြောသလို ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့တွဲကစားချင်တာပါ။ စီးတီးမှာ အဲ့တာတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကျွန်မလိုချင်သလို မကစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မရဲ့အကောင်းဆုံးနေ့ရက်တွေလာဦးမယ်လို့ ထင်ပါတယ်။ အသင်းကိုလည်း တတ်နိုင်သလောက်ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဆုံးသတ်မှာ ကျွန်မအတွက် လွယ်ကူတဲ့ရွေးချယ်မှုဖြစ်စေခဲ့ပါတယ်။ နေ့ရက်တိုင်း လေ့ကျင့်ခန်းအစီအစဉ်မှာ စိန်ခေါ်ချင်ပါတယ်။ ဒါ့အပြင် အပတ်တိုင်းလည်း ပွဲတွေပါဝင်ကစားချင်ပါတယ်”လို့ မိုင်ဒီမာက ပြောကြားခဲ့ပါတယ်။
မိုင်ဒီမာဟာ ၂၀၁၇ တုန်းက ဘိုင်ယန်ကနေ အာဆင်နယ်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အာဆင်နယ်နဲ့အတူ ၂၀၁၉ မှာ အမျိုးသမီးလိဂ်ဖလား နဲ့ ၂၀၁၈ ၊ ၂၀၂၃ နဲ့ ၂၀၂၄ မှာ လိဂ်ဖလား ၃ လုံးရယူနိုင်ခဲ့ပါတယ်။ နယ်သာလန်သူဟာ အသက် ၂၇ နှစ်သာရှိသေးတာကြောင့် စီးတီးအတွက် အသုံးဝင်နိုင်တာဖြစ်ပြီး လက်ရှိစီးတီးမှာ ရွှေဖိနပ်ဆုရှင် ရှော နဲ့ အင်္ဂလန်နိုင်ငံသူ ဟမ့်ပ်တို့ရှိနေပါတယ်။
စီးတီးဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း နယ်သာလန်နိုင်ငံသူ ဂျေးရော့ဒ်ကို ခေါ်ယူထားခဲ့ပါတယ်။