
The network connection is lost.

ဒီနေ့ညပိုင်း၊ အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် အကောင်းဆုံး စွမ်းဆောင်ရည်ပြသဖို့ အင်တာမီလန်အသင်းကို နည်းပြ ဆီမြွန်နီအင်ဇာဂီက တောင်းဆိုလိုက်ပါတယ်။ အင်တာမီလန်က စပိန်ကလပ်ကို ဆန်စီရိုကွင်းမှာ ချန်ပီယံလိဂ် ၁၆-သင်း ရှုံးထွက်အဆင့် (ပထမအကျော့)ပွဲစဉ်အဖြစ် ဧည့်ခံကစားရပါမယ်။
“ဒီနေ့ညပိုင်းပွဲစဉ်မှာ ဘာတွေဖြစ်လာလိမ့်မလဲဆိုတာ ခန့်မှန်းဖို့က မလွယ်ကူပါဘူး။ အက်သလက်တီကိုရဲ့ ပြီးခဲ့တဲ့ပွဲစဉ်အနည်းငယ်ကို ကြည့်လိုက်ရင် သူတို့တွေ အများကြီးပြောင်းလဲခဲ့ပြီဆိုတာ တွေ့မြင်ရပါမယ်။ လက်စ်ပါးမားနဲ့ ကစားတဲ့ သူတို့ပွဲစဉ်ကို ကျွန်တော် ကြည့်ဖြစ်ခဲ့ပါတယ်။ ပြိုင်ဘက်ကို ဖိအားတွေ ပြင်းပြင်းထန်ထန်ပေးပြီး ကစားခဲ့ပါတယ်။ စူပါဖလားမှာတုန်းကတော့ ဒီလိုအနေအထားမျိုး မဟုတ်ပါဘူး။ လက်စ်ပါးမားနဲ့မတိုင်ခင် ဆီဗီလာကို ရင်ဆိုင်ရချိန်နဲ့လည်း ကွဲပြားခြားနားပါတယ်။ သူတို့တွေက အတိတ်တုန်းကထက် ပိုပြီး တစ်ဦးချင်းဖြတ်ကျော်မှုတွေ ပြုလုပ်လာတဲ့ အသင်းဖြစ်ပါတယ်။ သူတို့အသင်းမှာ နည်းစနစ်ပိုင်းနဲ့ အရည်အသွေးကောင်းတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ ပွဲကတော့ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်တို့သိထားတာကတော့ စိတ်ဓါတ်ပိုင်းအရမ်းကောင်းမွန်တဲ့ နည်းပြတစ်ဦး ဦးဆောင်လာမယ့် အသင်းကောင်းတစ်ခုကို ရင်ဆိုင်ရမယ် ဆိုတာပါပဲ”လို့ အင်ဇာဂီက ပြောပါတယ်။
ဒီနောက်မှာ “အင်ဇာဂီဆီ အခုအချိန်၊ သူ့ရဲ့အသင်းက ဥရောပအဆင့်အတန်းမီနေပြီလားလို့ မေးခွန်းထုတ်လာခဲ့ပါတယ်။ အင်တာမီလန်နည်းပြက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ နောက်ဆုံးသုံးလတာကာလ သုံးရက်တစ်ပွဲကစားရချိန် ကစားသမားရှစ်ဦးလောက်ကို အပြောင်းအလဲလုပ်ပြီး အဆင်ပြေပြေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီအခိုက်အတန့်မှာ အလှည့်ကျကစားစေခြင်းကသာ အကောင်းဆုံးဖြေရှင်းနည်း ဖြစ်ခဲ့ပါတယ်။ အခုအချိန်ကစပြီး ရာသီကုန်ကာလအထိ ဘာတွေဖြစ်လာဦးမလဲဆိုတာ ကျွန်တော်လည်း မသိသေးပါဘူး။ ရောမမြေမှာကစားပြီးနောက် ခြောက်ရက်လောက် အလုပ်လုပ်ခဲ့ပြီး သောကြာနေ့မှာ ကစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်ရှစ်ခုမှာလည်း အမှန်ကန်ဆုံးနည်းလမ်းနဲ့ အလုပ်ကို အမြဲတမ်းအကောင်းဆုံးနီးပါးဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ၇၂ နာရီအတွင်း တစ်ပွဲကစားရဖို့ရှိနေလို့ ရလဒ်ပိုင်း ပြောင်းလဲသွားလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အရာရာတိုင်းကတော့ အခုထက်ပိုပြီး ရှုပ်ထွေးခက်ခဲလာပါလိမ့်မယ်”
“စီးရီးအေပြိုင်ပွဲအတွက်ဆိုရင်လည်း လွန်ခဲ့တဲ့ရက် ၂၀ လောက်က ကျွန်တော်တို့တွေ နောက်မှာ တစ်မှတ်ပြတ် ကျန်နေခဲ့ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့က အမှတ်ပေးဇယားဒုတိယနေရာကို ကိုးမှတ်ဖြတ်ထားလိုက်ပါပြီ။ အရာရာတိုင်း အပြောင်းအလဲဖြစ်သွားဖို့ အလွန်လွယ်ကူတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ အဝေးကြီးတွေ မျှော်ကြည့်မနေဘဲ လာမယ့်ပွဲစဉ်အတွက်ပဲ အထူးအာရုံစိုက်သွားရပါမယ်။ အခုအချိန်မှာတော့ အက်သလက်တီကိုမက်ဒရစ်နဲ့ ပွဲစဉ်အတွက် အာရုံစိုက်ထားရပါမယ်။ ပြီးရင်တော့ လက်ချီနဲ့ပွဲစဉ်ပေါ့။ တက်နိုင်သလောက် ဒဏ်ရာပြဿနာတွေ နည်းနိုင်သမျှ နည်းနေဖို့လည်း မျှော်လင့်ထားပါတယ်။ တစ်ပတ်တစ်ပွဲနှုန်းကစားရတာတော့ ခွန်အားတွေပြန်လည်ဖြည့်တင်းဖို့နဲ့ ဒဏ်ရာပြဿနာတွေအတွက် ရိုးရှင်းလွယ်ကူစေတယ်ဆိုတာ ရှင်းပါတယ်။ ကောင်လေးတွေလည်း အလုပ်ကို ကောင်းကောင်းလုပ်နေပြီး သူတို့ကို စောင့်ကြည့်ပေးနေရပါတယ်။ အချိန်တိုင်းမှာ ကျွန်တော်ကိုယ်တိုင်လည်း ခက်ခဲတဲ့ရွေးချယ်မှုတွေ လုပ်နေဖို့ လိုအပ်ပါတယ်”
ပြီးခဲ့တဲ့နှစ်၊ ၁၆ သင်းအဆင့်မှာ ပေါ်တိုနဲ့ ရင်ဆိုင်ရတာကို “ကျွန်တော် တွေးနေမိခဲ့ပါတယ်။ ပေါ်တိုက ဆုံးဖြတ်ချက်အရမ်းပြတ်သားတဲ့အသင်းပါ။ ပေါ်တိုရော၊ အက်သလက်တီကိုမှာရော ကျွန်တော့်ရဲ့အသင်းဖော်ဟောင်းတွေ ကိုင်တွယ်နေပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အရမ်းကို ခက်ခဲမယ့် ၁၆ သင်းရှုံးထွက်ပွဲစဉ်တစ်ခုဖြစ်လာလိမ့်မယ်ဆိုတာ သိထားပါတယ်။ ကောင်လေးတွေလည်း သိကြပါတယ်။ တက်နိုင်သမျှ အကောင်းဆုံးပြင်ဆင်ဖို့ ကြိုးစားခဲ့ပြီး ပွဲတွင်း အခိုက်အတန့်တွေကို အကောင်းဆုံးစီမံခန့်ခွဲသွားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကောင်လေးတွေလည်း ရင့်ကျက်လာပါပြီ”လို့ ပြောပါတယ်။