
မန်စီးတီးနဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ အသင်းဖော်အမ်ဘာပေကို အားပါးတရချီးကျူးလာတဲ့ ဘယ်လင်ဟမ်
ယနေ့နံနက်က မန်စီးတီးကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ခီလီယန်အမ်ဘာပေကို ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်က အားပါးတရချီးကျူးပြောဆိုလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ရဲ့နိုင်ပွဲအတွက် အလွန်အရေးပါခဲ့ပြီး မန်စီးတီးကို ပြိုင်ပွဲမှ ထွက်ခွာစေခဲ့ကာ အသင်းကို ရှုံးထွက် ၁၆ သင်းအဆင့်သို့ ပိုဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ ဘယ်လင်ဟမ်က ပြင်သစ်သားကို ချီးကျူးလာခဲ့ပြီး အမြင့်ပျံနေတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။
မန်စီးတီးအတွက် နှစ်သိမ့်ချေပဂိုး ၁ ဂိုးကိုတော့ ပွဲပြီးကာနီးမှာ ကွင်းလယ်ကစားသမားသစ် နီကိုဂွန်ဇာလက်ဇ်က သွင်းယူပေးခဲ့ပေမယ့် ပြိုင်ပွဲကိုတော့ လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ အမ်ဘာပေဟာ ပထမပိုင်းအတွင်း ၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ အနိုင်သေချာစေမယ့် တတိမြောက်ကဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းဟာ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ အစမှာ ရုန်းကန်ရမှုတွေရှိခဲ့ပေမယ့် ယခုအခါမှာတော့ တစ်ပွဲထက်တစ်ပွဲ ပိုမိုကောင်းမွန်တဲ့ခြေစွမ်းတွေ ပြသလာနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။
ဘယ်လင်ဟမ်က "အမ်ဘာပေနဲ့အတူတူကစားရတာ ကျွန်တော့်အတွက်ပါ တိုးတက်မှုရှိပါတယ်။ ကျွန်တော့်အတွက် ဘောလုံးကစားရတာက သူ့ဆီကို ဘောလုံးပေးပို့ဖို့သက်သက်ပါပဲ။ ကျွန်တော်တို့ရဲ့အလုပ်က ရှေ့တန်းက ကစားသမား ၃ ယောက်ကို နောက်ကွယ်ကနေ ကူညီနိုင်ဖို့ပါပဲ။ အမ်ဘာပေဘောလုံးရသွားတဲ့အချိန်က ပြိုင်ဘက်အသင်းအတွက် အန္တရာယ်အရှိဆုံးအချိန်လို့ပြောရပါမယ်။ ညာခြေနဲ့ရော ဘယ်ခြေနဲ့ပါ သူကအဆုံးသတ်နိုင်စွမ်းရှိတဲ့ကစားသမားပါ။ သူ အသင်းမှာအသားကျဖို့ ခက်ခဲခဲ့ပေမယ့် အခုချိန်မှာတော့ ပုံမှန်အတိုင်းခြေစွမ်းပြနေပါပြီ။ အမြင့်ပျံနေတဲ့ ကစားသမားဖြစ်နေပြီး ဒါကိုမြင်ရတာ အရမ်းကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ပြည်တွင်းမြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ် ဒါမှမဟုတ် လက်ရှိဘွန်ဒက်စ်လီဂါချန်ပီယံ လေဗာကူဆင်နဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။ ဘယ်အသင်းနဲ့ပဲတွေ့တွေ့ ရီးရဲလ်မက်ဒရစ်အနေနဲ့ ခက်ခက်ခဲခဲယှဉ်ပြိုင်သွားရဖို့ရှိပေမယ့် ယခု မန်စီးတီးနဲ့ပွဲမှာ အဝါကတ်ပြသခံခဲ့ရတဲ့ ဘယ်လင်ဟမ်ကတော့ အဝါကတ် ၃ ကတ်အထိရှိသွားပြီဖြစ်လို့ အဆိုပါပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပါတယ်။