မအောင်မြင်ခဲ့တဲ့ ဂျူလီယန်အယ်လ်ဗာရက်ဇ်ရဲ့အပြောင်းအရွှေ့ကြောင့် ဘာစီလိုနာအသင်း ဒဏ်ငွေ ချမှတ်ခံရ
အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်နဲ့ပတ်သက်လို့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပေါ်ပေါက်ခဲ့တဲ့ အငြင်းပွားမှုတွေမှာ ပါဝင်ခဲ့မှုကြောင့် ဘာစီလိုနာအသင်းအတွက် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ကစားသမားအယ်လ်ဗာရက်ဇ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ကလပ်အသင်းမှထွက်ခွာဖို့နဲ့ ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ဆိုတဲ့ သူ့ရဲ့ဦးစားပေးရည်ချက်မှန်းချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါက မက်ဒရစ်အခြေစိုက်ကလပ်အသင်းကို အံ့အားသင့်သွားစေခဲ့ပါတယ်။
ဒါပေမဲ့ စပိန်ကလပ်အသင်းနှစ်ခုအကြား ပြင်းထန်တဲ့ စကားစစ်ထိုးမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ဘာစီလိုနာဆီ ရောင်းချဖို့ကို အက်သလက်တီကိုမက်ဒရစ် ငြင်းဆန်ခဲ့သလို အယ်လ်ဗာရက်ဇ်ကိုယ်တိုင်လည်း ပရီးမီးယားလိဂ်ဆီ ပြန်လည်ခြေချဖို့ စိတ်အားထက်သန်မှု မရှိခဲ့ပါဘူး။
မန်စီးတီးတိုက်စစ်မှူးဟောင်းအပေါ် အာဆင်နယ်ရဲ့စိတ်ဝင်စားမှု မပျောက်ကွယ်သွားသေးပေမဲ့ လာမယ့်ဇန်နဝါရီမှာခေါ်ယူဖို့ဆိုတာတော့ မဖြစ်နိုင်တဲ့ အနေအထားဆီ ရောက်ရှိနေပါတယ်။
ဒီပြဿနာရဲ့နောက်ဆက်တွဲအဖြစ် အက်သလက်တီကိုမက်ဒရစ်က စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) ဆီ ဘာစီလိုနာအကြောင်း တိုင်ကြားခဲ့ပြီးနောက် RFEF က မပြောပလောက်တဲ့ ဒဏ်ငွေ ၆၀၂ ယူရိုကို ချမှတ်ခဲ့ပါတယ်။
ဒီကိစ္စကို ဖီဖာမှာလည်း စုံစမ်းစစ်ဆေးခွင့် မရှိလို့ ဒီဒဏ်ငွေပမာဏက ဘာစီလိုနာရရှိနိုင်တဲ့ အနိမ့်ဆုံးပြစ်ဒဏ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ယခင်အထင်ရှားဆုံးသာဓကတစ်ခုကတော့ ၂၀၁၉ ခုနှစ်၊ နွေရာသီ ဂရစ်ဇ်မန်းရဲ့အပြောင်းအရွှေ့ဖြစ်ပြီး အက်သလက်တီကိုမက်ဒရစ်က တိုက်စစ်မှူးနဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ ဘာစီလိုနာကို RFEF ဆီ တိုင်ကြားခဲ့ပါတယ်။ ဒီတိုင်ကြားချက်ကိုလည်း ဒဏ်ငွေ ယူရို ၃၀၀ တည်းနဲ့သာ ဖြေရှင်းခဲ့ပါတယ်။