ဟယ်ရီကိန်းဆီ ဘော်လွန်းဒီအော်ဆုပေးအပ်ခဲ့မှုကို မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ယာမယ်လ်ရဲ့ဦးလေးဖြစ်သူ ဝေဖန်
အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းက အံ့သြဖွယ်ကောင်းမွန်ခဲ့တဲ့ ၁၂ လတာ စွမ်းဆောင်ရည်တွေနဲ့အတူ ၂၀၂၆ ဘော်လွန်းဒီအော်ဆုကို ဆွတ်ခူးရရှိသွားပါတယ်။
ဟယ်ရီကိန်းက တစ်နှစ်တာကာလအတွင်း ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၇၃ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဂျာမနီမှာ ဘိုင်ယန်မြူးနစ်ကို ပြည်တွင်းအမှတ်ပေးချန်ပီယံဆုနဲ့ ရှုံးထွက်ဖလားတွေမှာ ချန်ပီယံဖြစ်လာအောင် ကူညီပေးခဲ့သလို အင်္ဂလန်ကိုလည်း ၂၀၂၆ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးခဲ့ပါတယ်။
ဒါကြောင့် သူက ဒုတိယနေရာရှိ ရီးရဲလ်မက်ဒရစ်ရဲ့အမ်ဘာပေနဲ့ တတိယနေရာရှိ ဘာစီလိုနာရဲ့ယာမယ်လ်တို့ကို ကျော်ဖြတ်ကာ ဘော်လွန်းဒီအော်ဆုရှင် ဖြစ်လာပါတယ်။
အသက် ၁၉ နှစ်အရွယ်ယာမယ်လ်က ဘာစီလိုနာနဲ့အတူ လာလီဂါဖလား၊ စပိန်နဲ့အတူ ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သလို ဘော်လွန်းဒီအော်ဆုပေးပွဲရဲ့ အကောင်းဆုံး ယူ-၂၁ ကစားသမားဆုဖြစ်တဲ့ Kopa Trophy ကိုလည်း သုံးကြိမ်ဆက်ရရှိခဲ့ပါတယ်။
အခုနှစ်အတွက် ဘော်လွန်းဒီအော်ဆုကို ဘယ်သူရသင့်သလဲဆိုတဲ့ အငြင်းပွားမှုတွေ ပြင်းထန်နေချိန် ယာမယ်လ်ရဲ့ဦးလေးဖြစ်သူ အဗ္ဗဒူလ်လည်း ဒီအငြင်းပွားမှုမှာ ပါဝင်လာပြီး ဒီဆုနဲ့ ဟယ်ရီကိန်း မထိုက်တန်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
El Larguero သတင်းဌာနဆီ အဗ္ဗဒူလ်က "ဒါ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး အလွန်စိတ်မကောင်းစရာ ကောင်းပါတယ်။ ကျွန်တော့်ရဲ့တူလေးက ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ဒါကို လူတိုင်း သိကြပါတယ်" လို့ ပြောပါတယ်။
"ခင်ဗျားတို့သာ ဘောလုံးကို ချစ်မြတ်နိုးတယ်ဆိုရင် ဟယ်ရီကိန်းမဟုတ်ဘဲ ယာမယ်လ်ကစားတာကိုပဲ သွားကြည့်ကြပါလိမ့်မယ်။ ဟယ်ရီကိန်းက ထူးချွန်တဲ့ ဂိုးသွင်းရှင်တစ်ဦး ဖြစ်ပေမဲ့ ယာမယ်လ်ကတော့ ကွင်းတွင်းမှာ တောက်ပနေသူ ဖြစ်ပါတယ်"
"ယာမယ်လ်က ငယ်သေးလို့ သူ့အတွက် အချိန်အများကြီးကျန်နေသေးတယ်ဆိုပြီး ဒီအခွင့်အရေးကို မပေးခဲ့ကြတာပါ။ ဘောလုံးကစားဖို့ သုံးရက်လောက်ပဲကျန်တော့တဲ့ ဟယ်ရီကိန်းကိုတော့ ဒီအခွင့်အရေး ပေးခဲ့ကြပါတယ်"
"ယာမယ်လ်ကိုယ်တိုင် ဒီဆုကို ငါးကြိမ်အထိ ရရှိသွားလိမ့်မယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ ရက်အနည်းငယ်ကြာရင်တော့ ယာမယ်လ်ရဲ့ဝမ်းနည်းမှုတွေ ပြီးဆုံးသွားပါလိမ့်မယ်" လို့ ဆက်ပြောခဲ့ပါတယ်။