
မန်စီးတီးအသင်းခေါ်ယူခဲ့တဲ့ ကွင်းလယ်ကစားသမားသစ် နီကိုဂွန်ဇာလက်ဇ်အကြောင်း စေ့ငုခြင်း
မန်စီတီးအသင်းမှာ ရိုဒရီရဲ့နေရာကို အစားထိုးနိုင်ရေးအတွက် နောက်ဆုံးမှာ ပက်ဂွါဒီယိုလာက သူနဲ့အကျွမ်းတဝင်ရှိသူတစ်ဦးဆီ မြှားဦးလှည့်လာခဲ့ပါတယ်။ရုန်းကန်နေရတဲ့ လက်ရှိချန်ပီယံတွေက ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးအချိန်မှာပဲ ပေါ်တိုကွင်လယ်ကစားသမား နီကိုဂွန်ဇာလက်ဇ်အတွက် ပေါင်သန်း ၅၀ တန်သဘောတူညီမှုတစ်ခုကို လက်စသတ်နိုင်ခဲ့ပါတယ်။ နီကိုဂွန်ဇာလက်ဇ်က ယူရို-၂၀၀၀ ပြိုင်ပွဲမှာ ပက်ဂွါဒီယိုလာနဲ့ လက်ရွေးစင်အသင်းဖော်ဖြစ်ခဲ့ဖူးတဲ့ ဖရန်ဂွန်ဇာလက်ဇ်ရဲ့သား ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်၊ ပက်ဂွါဒီယိုလာ ရောက်ရှိလာပြီးနောက် မကြာမီမှာပဲ လူငယ်လေးနီကိုဂွန်ဇာလက်ဇ်(လက်ရှိ ၂၃ နှစ်)ကို မန်စီးတီးတို့ ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက ဖရန်ဂွန်ဇာလက်ဇ်က အီတီဟတ် ယူ-၁၈ အသင်းနဲ့အတူ လက်တွဲနေခဲ့တာပါ။ ဖရန်ဂွန်ဇာလက်ဇ်က လက်ရှိမန်စီးတီးအားကစားဒါရိုက်တာဘီဂီရီစတိန်းနဲ့လည်း တွဲဖက်ကစားခဲ့ဖူးပါတယ်။
အဲ့ဒီအချိန်တုန်းက အသက်-၁၄ နှစ်အရွယ် နီကိုဂွန်ဇာလက်ဇ်အတွက် ဘာစီလိုနာရဲ့လာမာစီယာမှထွက်ခွာကာ မန်စီးတီးအသင်းအကယ်ဒမီဆီ ချိတ်ဆက်နိုင်ဖို့ ရေကန်အသင့်၊ ကြာအသင့် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအပြောင်းအရွှေ့က အကောင်အထည်မပေါ်လာခဲ့ပါဘူး။ နီကိုဂွန်ဇာလက်ဇ်ကိုယ်တိုင်လည်း ဘာစီလိုနာအသင်းမှာပဲ နေရာရရှိဖို့ ဆယ်စုနှစ်တစ်ခုကျော်ကြာ တိုက်ပွဲဝင်သွားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ နွေရာသီကာလမှာ သူက စီနီယာအသင်းအတွေ့အကြုံရရှိဖို့ ဗလန်စီယာဆီ အငှားဖြင့် ရောက်ရှိသွားခဲ့ပါတယ်။ နောက်တစ်နှစ်အကြာမှာတော့ သူက ပေါ်တိုဆီ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက ကတ္တလန်ဘီလူးကြီးက သဘောတူညီမှုတစိတ်တပိုင်းအဖြစ် ကစားသမားပြန်လည်ခေါ်ယူခွင့်နဲ့ အနာဂတ်ပြောင်းရွှေ့ကြေးမှ တစိတ်တပိုင်းအကျိုးခံစားခွင့်ကို ထည့်သွင်းဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းက အခုအပြောင်းအရွှေ့အတွက် ငွေကြေးဆိုင်ရာအကျိုးခံစားခွင့် ရရှိသွားပါလိမ့်မယ်။
ဘော်လွန်းဒီအော်ဆုရှင် ရိုဒရီ ကာလရှည်ဒဏ်ရာ မရရှိခင်ကာလကတည်းက သူ့နေရာမှာ သင့်တော်တဲ့အရန်လူတစ်ဦး အဆင်သင့်ထားရှိနိုင်ရေး ပက်ဂွါဒီယိုလာ ခေါင်းခြောက်ခဲ့ရပါတယ်။ ကယ်လ်ဗင်ဖီးလစ်အတွက် ပေါင် ၄၅ သန်းတန်အပြောင်းအရွှေ့တစ်ရပ်ကို ပက်ဂွါဒီယိုလာ တားမြစ်ခဲ့ဖူးပေမယ့် အင်္ဂလန်လက်ရွေးစင်အနေဖြင့် ကြံ့ခိုင်မှုနဲ့ ပုံစံကောင်းပြသနိုင်ရေး ရုန်းကန်ခဲ့ရကာ နည်းပြရဲ့ယုံကြည်မှုလည်း မရရှိခဲ့ပါဘူး။
လတ်တလောမှာ ကယ်လ်ဗင်ဖီးလစ်က ဝက်စ်ဟမ်း၊ အစ်ဆွစ်တို့ဆီ အငှားထွက်ကစားနေပေမယ့် မိခင်ကလပ်အသင်းဆီ ပြန်လာနိုင်ဖို့တော့ မသေချာသေးပါဘူး။ ကိုဗာဆစ်၊ ဂမ်ဒိုဂန်၊ ဘာနာဒိုဆေးလ်ဗားတို့အားလုံးက ပက်ဂွါဒီယိုလာ အလွန်တန်ဖိုးထားတဲ့ NO.6 Role အတွက် ပါဝင်ကစားပေးဖို့ ကြိုးစားခဲ့ဖူးပေမယ့် ပြီးပြည့်စုံတဲ့အံဝင်ခွင်ကျမှုမျိုး ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
လက်ရှိအနားယူနေရတဲ့ ရိုဒရီကတော့ အခုရာသီမကုန်ခင် ဘောလုံးပြန်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် ပက်ဂွါဒီယိုလာက အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူဟောင်းရဲ့ဒဏ်ရာကို အပြည့်အဝသက်သာသွားစေချင်ပြီး သူ့ကို အတင်းအကျပ်ပြန်ကစားခိုင်းဖို့အစီအစဉ် မရှိသေးပါဘူးလို့ ဇန်နဝါရီလကုန်ပိုင်းမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။