The network connection is lost.

Banner Image

အမှတ်ပေးဖလားကို စိန်ခေါ်နိုင်စွမ်းမရှိပါက မန်စီးတီးဟာ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားလိမ့်မယ်လို့ ပြောကြားလိုက်တဲ့ ဂွါဒီယိုလာ

ဒီတစ်ပတ်မှာ ကစားမယ့် ဖူလ်ဟမ်နဲ့ပွဲစဉ်မတိုင်ခင် မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက မီဒီယာတွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ခရေဗင်ကော့တေ့ချ်ကွင်းမှာ စီးတီးက ၅ ဂိုး-၄ ဂိုးနဲ့ အကြိတ်အနယ်အနိုင်ရခဲ့ပြီးနောက်ပိုင်း အခုပွဲဟာ နှစ်သင်းကြား ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရတာပါ။ အခုတစ်ခေါက်မှာတော့ အီတီဟတ်ကွင်းမှာ ကစားရမှာဖြစ်ပြီး မန်စီးတီးဟာ သူတို့ရဲ့ နောက်ဆုံးအိမ်ကွင်း ပရီးမီးယားလိဂ် ၁၇ ပွဲမှာ ရမှတ် ၅၁ မှတ်ထဲက ၄၄ မှတ်အထိ ရယူထားနိုင်တဲ့ မှတ်တမ်းကောင်း ရှိထားပါတယ်။

ဂွာဒီယိုလာရဲ့အသင်းဟာ အရင်တုန်းက ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရဖူးတဲ့ အန်ဖီးလ်ကွင်းမှာ လီဗာပူးကို အနိုင်ရခဲ့တဲ့ ရလဒ်ကောင်းနဲ့အတူ ဒီပွဲကို ရင်ဆိုင်လာတာပါ။ "ရမှတ်ကွာဟချက်က သိပ်မကြီးသေးပေမဲ့ အာဆင်နယ် ခြေစွမ်းပြနေတဲ့ပုံစံနဲ့ဆိုရင် ၆ မှတ်ကွာတာဟာ အများကြီးပါပဲ။ ပြီးခဲ့တဲ့ လပိုင်းတွေကစလို့ ပွဲမတိုင်ခင် အင်တာဗျူးတွေတိုင်းမှာ ‘ခင်ဗျားတို့ ဒီပွဲရှုံးရင် အားလုံးဆုံးရှုံးသွားပြီ၊ ကမ္ဘာမြေပြင်ကနေ ပျောက်ကွယ်သွားလိမ့်မယ်’ ဆိုတဲ့ ဖိအားမျိုးတွေ ပေးခံနေရတာပါ" လို့ သူက ဆိုပါတယ်။ လီဗာပူးကို နိုင်ခဲ့တဲ့အပေါ် တုံ့ပြန်မှုနဲ့ပတ်သက်ပြီးတော့လည်း "မနေ့ကရော ဒီနေ့ပါ ကစားသမားတွေကို မတွေ့ရသေးပါဘူး၊ စောင့်ကြည့်ရမှာပေါ့။ အာဆင်နယ်ရဲ့ အခြေအနေအရ ၆ မှတ်ဆိုတာ အများကြီးဖြစ်နေလို့ နောက်လာမယ့် ဖူလ်ဟမ်လို နှစ်စဉ်တိုးတက်နေတဲ့ အသင်းနဲ့ပွဲမှာ ဘာဖြစ်မလဲဆိုတာ ကြည့်ရပါမယ်" လို့ ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာကို အက်ဗဒူကိုဒီယာ ခူဆာနော့ဗ်ရဲ့ အင်္ဂလန်က လူနေမှုပုံစံနဲ့ ဘောလုံးလောကမှာ အသားကျလာပုံကို မေးမြန်းခဲ့ကြပါတယ်။ အဆိုပါ နောက်ခံလူဟာ လီဗာပူးနဲ့ပွဲမှာ ဒဏ်ရာရခဲ့လို့ ဖူလ်ဟမ်နဲ့ပွဲကို လွဲချော်ဖို့ များနေပါတယ်။ "သူ့ရဲ့ အင်္ဂလိပ်စာက ရှေးဟောင်းစာဆိုကြီး ဝီလျံရှိတ်စပီးယားလိုတော့ မကျွမ်းကျင်သေးပေမဲ့ တဖြည်းဖြည်း တိုးတက်လာနေပါပြီ။ ကျွန်တော်တို့ ဘာလိုချင်လဲဆိုတာကို သူနားလည်သလို တစ်ပွဲထက်တစ်ပွဲလည်း ပိုကောင်းလာပါတယ်။ သူက တကယ့်ကို ဉာဏ်ကောင်းတဲ့သူပါ။ ပုံမှန်အားဖြင့် သူ့လို ကြံ့ခိုင်မှုကောင်းပြီး မြန်ဆန်တဲ့သူတွေက သိပ်မစဉ်းစားတတ်ဘူးလို့ ယူဆရပေမဲ့ သူကတော့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ အမြဲတမ်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်ပါတယ်။ မြန်လည်းမြန်သလို အခြေအနေကိုလည်း သုံးသပ်နိုင်စွမ်းရှိတဲ့အတွက် မန်စီးတီးအနေနဲ့ နောင်နှစ်ပေါင်းများစွာအထိ အားကိုးရမယ့် ဗဟိုနောက်ခံလူတစ်ယောက် ရထားတာပါ" လို့ ချီးကျူးခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ စီးတီးရဲ့ ခံစစ်ပိုင်းပြဿနာတွေ ရှိနေချိန်မှာ ဒီရာသီ ၂၅ ပွဲမှာ ၃၅ ဂိုးအထိ သွင်းထားတဲ့ ဖူလ်ဟမ်ရဲ့ တိုက်စစ်ကို ဘယ်လိုတားဆီးမလဲဆိုတဲ့အပေါ် ဂွါဒီယိုလာက "သူတို့က ရာသီတိုင်း ပိုပိုကောင်းလာပါတယ်။ သူတို့ရဲ့ ကစားကွက်တွေ၊ တည်ငြိမ်မှုနဲ့ အရှိန်အဟုန်တွေက တကယ့်ကို ကောင်းမွန်ပါတယ်။ မာကိုဆေးလ်ဗားက ကျွန်တော်ရင်ဆိုင်ဖူးသမျှထဲမှာ အတော်ဆုံးနည်းပြတွေထဲက တစ်ယောက်ပါပဲ။ နောင်နှစ်အနည်းငယ်အတွင်းမှာ သူဟာ ထိပ်တန်းနည်းပြတစ်ယောက် သေချာပေါက် ဖြစ်လာပါလိမ့်မယ်" လို့ ပြောကြားသွားခဲ့ပါတယ်။